အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေး အကျဉ်းသားများကို ပစ်ပယ်ရာ ရောက်မည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP-B) က ယနေ့ ပြောဆိုသည်။
စစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးပါတီအဖြစ် ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေး NLD ပါတီအတွင်း ခေါင်းဆောင်အချို့အကြား သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ အခြေစိုက် AAPP-B က ပြောဆိုခြင်း ဖြစ်သည်။
“နိုင်ငံရေးအကျဉ်းသားတွေက နဂိုတည်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရတော့ အခုလိုမျိုး NLD က ရွေးကောက်ပွဲ ဝင်လိုက်မယ်ဆိုရင် သူတို့ အားကိုးတဲ့ အဖွဲ့ချုပ်ကြီး ကိုယ်တိုင်က သူတို့ကို ပစ်ထား လိုက်သလိုမျိုး ဖြစ်သွားပါလိမ့်မယ်” ဟု AAPP-B တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။
ယနေ့သည် AAPP-B တည်ထောင်ခြင်း ၁ဝ နှစ် ပြည့်ဖြစ်ပြီး “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အခန်းကဏ္ဍ” အမည်ရှိ အစီရင်ခံစာ တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများ မရှိကြောင်း အသိမှတ်မပြုသည့် ထုတ်ဖော်ပြောဆိုမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ ကျော် ရှိနေပြီး၊ သူတို့သည် ဒီမိုကရေစီအရေး ကြိုးပမ်းမှုများကို ကိုယ်စားပြုနေကြောင်း အစီရင်ခံစာက ဆိုထားသည်။
ထို့ပြင် ရဟန်းသံဃာများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအများစုသည် လူထုခေါင်းဆောင်များ ဖြစ်ကြပြီး “တတိုင်းပြည်လုံးအဆင့်” တွေ့ဆုံညှိနှိုင်းရေးဖြစ်စဉ်ကို အားပေးထောက်ခံသူများ ဖြစ်ကြသည်ဟုလည်း ဖော်ပြထားသည်။
တနင်္သာရီတိုင်း ကော့သောင်းမြို့ အကျဉ်းထောင်တွင် လက်ရှိ ထောင်ဒဏ် နှစ် ၆ဝ ကျော် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုပြံုးချို၏ ဖခင် ဦးဝင်းမောင် ကမူ “သူတို့တွေ မှတ်ပုံတင်တင်၊ မတင်တင် ကျနော်တို့ သားတွေက ထောင်ထဲမှာ ရောက်နေပြီလေ။ ပြင်ပလောကနဲ့လည်း အဆက်အသွယ် ပြတ်နေတယ် ဆိုတော့ သူတို့ကို ထိခိုက်စရာ အကြောင်းရှိမှာ မဟုတ်ပါဘူး” ဟု မဇ္စျိမကို ဖြေကြားခဲ့သည်။
စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေများကမူ ထောင်ဒဏ်ကျခံနေရသူများ၏ အခြေခံ လူ့အခွင့်အရေးဖြစ်သော နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ပိတ်ပင်ထားပြီး နိုင်ငံရေးအကျပ်အတည်းများ ပြေလည်စေရန် ပါဝင်ဆောင်ရွက်ခွင့် မရှိဘဲ ဖြစ်နေသည်။
ဘန်ကောက်အခြေစိုက် နိုင်ငံရေးကျွမ်းကျင်သူ ကိုကျော်လင်းဦးက “မှတ်ပုံတင်ပြီဆိုရင်တော့ ဒေါ်စု အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ရမှာပဲဗျ။ ဒါကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကြီးမားဆုံးသော နစ်နာမှုပေါ့ဗျာ” ဟု မဇ္စျိမကို ပြောသည်။
AAPP-B ၏ ယနေ့ အစီရင်ခံစာထဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်၊ NLD၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးရေး လိုအပ်ကြောင်း ထောက်ပြထားပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြည်လွှတ်ပေးရန် တောင်းဆိုထားသည်။
လက်ရှိအခြေအနေတွင် NLD အတွင်း၌ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် မှတ်ပုံပြန်တင်လိုသူနှင့် မှတ်ပုံတင်ရန် ကန့်ကွက်သူ စသည်ဖြင့် အမြင်နှစ်ခု ကွဲနေပြီး အုပ်စု နှစ်ခုဖြစ်သွားမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။
ယခုလ ၂၉ ရက်နေ့တွင် NLD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို ဆွေးနွေးဆုံးဖြတ်ရန် တိုင်းနှင့် ပြည်နယ်များမှ ဗဟို ဦးစီး CC အဖွဲ့ဝင်များကို ရန်ကုန် ရုံးချုပ်သို့ ခေါ်ယူထားသည်။