အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ် ရဝ ခန့် မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဉ် ရဲက ထိန်းသိမ်းသွားသည်။
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ရာက မကျေနပ်ကြသော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ယနေ့နံနက် ၁၁ နာရီခန့်တွင် ”ဗိုလ်ချုပ်သန်းရွှေ ငရဲပြည်သွား” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်လို ကြွေးကြော်သံကို အော်ဟစ်လျက် သံရုံးအုတ်နံရံတွင် အနီရောင် သင်္ဘောဆေး မှုတ်ဆေးဘူးများဖြင့် သုတ်လိမ်းကြစဉ် ရဲများက ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
“အခုထိတော့ ကျနော်တို့ကို ဘာပုဒ်မနဲ့ တပ်မယ်ဆိုတာ မသိရသေးဘူး။ အခုထိတော့ ဘာမှ မပြောနိုင်သေးဘူး။ ရဲစခန်းထဲမှာပဲ ရှိသေးတယ်။ ဒီစခန်းမှူးနဲ့ နအဖ သံအမတ်နဲ့ တွေ့နေတယ်လို့ သိရတယ်။ ရဲမှူးကို သံရုံးက ခေါ်လို့ သွားနေတယ်။ အခုအချိန်ထိတော့ ကောင်းကောင်းမွန်မွန် ထားတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုကင်မ်က ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ရဲစခန်းအတွင်းမှ ဖုန်းဖြင့် မဇ္စျိမကို ပြောဆိုခဲ့သည်။
သူတို့ကို ချန်နာကရာပူရီအရပ်ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရေးသားစဉ်က နောက်ဆုံး သိရသည်။
ဆန္ဒပြသူများက အနီရောင်လှုံ့ဆော်မှုသဏ္ဍာန် ဆေးနီများသုတ်လိမ်းကြသလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံများကိုလည်း နံရံများနှင့် သံရုံး တံခါးပေါက်ကြီးတွင် ချိတ်ဆွဲကာ ဆေးသုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ လွတ်လပ်ပြီး ယုံကြည်စိတ်ချ ရသော ရွေးကောက်ပွဲများကို ကျင်းပရန်၊ မြန်မာစစ်အစိုးရ ကျူးလွန်သည့် လူသားမျိုးနွယ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂ အနေဖြင့် ကော်မရှင်တရပ် ဖွဲ့စည်းရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
redurgent4s
မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်နေရက်တွင် ကျင်းပမည်ဟု ကြေညာထားခြင်း မရှိသော်လည်း ယခုလ ဒုတိယပတ်အတွင်းမှ စတင်၍ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလာခဲ့သည်။
အဆိုပါဥပဒေအရ ထောင်ဒဏ်ကျခံနေရသူသည် နိုင်ငံရေးပါတီဝင်မဖြစ်ရဟု ကန့်သတ်ထားသလို လက်ရှိ နိုင်ငံရေးပါတီများအနေဖြင့်လည်း ပါတီမှတ်ပုံတင်ခြင်း ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။
ဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နို်င်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကို ရွေးကောက်ပွဲဖြစ်စဉ်မှ ပထုတ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဒီမိုကရေစီ လိုလားသော အတိုက်အခံများနှင့် မြန်မာ့အရေး လေ့လာသူအများအပြားက ယုံကြည်ကြသည်။
redurgent1s
နယူးဒေလီအစိုးရသည် ၁၉၉၅ ခုနှစ် မတိုင်ခင်အထိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို တက်ကြွစွာ ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော်မူဝါဒဖြင့် တဆစ်ချိုး ကွေ့သွားကာ မြန်မာစစ်ဗိုလ်ချုပ်များနှင့် တရင်းတနှီး ဆက်ဆံရေး ထူထောင်လာခဲ့ပြီး၊ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့သည်။
စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေများကို အနောက်နိုင်ငံများက ဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ ယနေ့ထိတိုင် ရေငုံနှုတ်ပိတ် နေဆဲဖြစ်သည်။
နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ လျှောက်ထားသူများ စုစုပေါင်း ၅ဝဝဝ ခန့် နေထိုင်ကြသည်။