မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ပြီးနောက် ကျင်းပမည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဒေသတွင်း အစိုးရများနှင့် အခြား အစိုးရများက အဆိုးအကောင်း ချိန်ဆနေကြစဉ် အိန္ဒိယမီဒီယာများလည်း ဤအရေးကိစ္စအကြောင်း အမြင်အမျိုးမျိုး ဖော်ပြနေကြသည်။
စစ်အစိုးရနှင့် အတိုက်အခံ ပါတီအကြား ပေါက်ကွဲလုနီး ဖြစ်ပေါ်စေသည့် ဤကိစ္စတွင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှင့် မြန်မာ့အိမ်နီးချင်း အိန္ဒိယက နှစ်ပေါင်းများစွာ လုပ်နေကျအတိုင်း နှုတ်ဆိတ်နေပြန်သော်လည်း အိန္ဒိယ၏ ထိပ်တန်းသတင်းစာကြီး 'The Hindu' က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် `အလိမ်အညာ´ များသာဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့တွင် ရေးသားလိုက်သည်။
'The Hindu' သတင်းစာခေါင်းကြီးတွင် `ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ယခုထက်ဆိုးသည့် အလိမ်အညာဟူ၍ ရှိတော့မည် မဟုတ်ပါ။ တခုတည်းသော ရည်ရွယ်ချက်မှာ စစ်အစိုးရက အာဏာကို ဆက်လက်၍ ရယူထားရေးပင် ဖြစ်သည်´ ၊ `ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အစိုးရသည် လာမည့် ရွေးကောက်ပွဲကို အားလုံး ပါဝင်နိုင်သည့် လုပ်ငန်းစဉ် ပြုလုပ်ရန် လိုအပ်သည်ကို သဘောပေါက်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်´ ဟု ဆိုထားသည်။
နေ့စဉ်ထုတ် 'Times of India' သတင်းစာကြီးကမူ စကားလုံးအားဖြင့် သိပ်မပြင်းထန်လှသော်လည်း `မြန်မာနိုင်ငံ စစ်အစိုးရ ၏ မိမိဘာသာ သတ်မှတ်ထားသော ပန်းတိုင်´ ဆိုသည့် ခေါင်းကြီးတွင် စစ်အစိုးရ ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေများတွင် ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဘဲ ပိတ်ပင်ထားခြင်းမှာ `ကံခေလှသည့် ဖြစ်ထွန်းတိုးတက်မှုတရပ် ဖြစ်သည်´ ဟု ရေးသားသည်။
`ဗိုလ်ချုပ်ကြီးများက မြန်မာနို်င်ငံကို ပြင်ပကမ္ဘာသို့ ပိုမိုဖွင့်လှစ်ပေးလိမ့်မည်ဟု မျှော်လင့်နေချိန်တွင် ယခုလို ပြုမူလိုက်ခြင်းမှာ ကြီးမားစွာ နောက်တလှမ်း ဆုတ်လိုက်ခြင်း ဖြစ်သည်။ နယူးဒေလီ အစိုးရအနေဖြင့် မြန်မာအစိုးရကို ဒေသတွင်း သမိုင်းနောက်ပြန်လှည့်သည့် လုပ်ရပ် မလုပ်သင့်ကြောင်း ရင်းနှီးစွာ အကြံပေး ပြောကြားသင့်သည်´ ဟု ဆိုသည်။
'The Pioneer' နေ့စဉ်ထုတ် သတင်းစာကြီးကလည်း စစ်မှန်သည့် ဒီမိုကရေစီမှာ အိပ်မက်ပမာ အလှမ်းဝေးဆဲ ဖြစ်သည်ဟု ပြောကြားကာ၊ လာမည့်ရွေးကောက်ပွဲများ အပေါ် မျှော်လင့်ချက် တစုံတရာ ရှိနေသေးကြောင်းနှင့် ယခုကိစ္စတွင် အုပ်စုနှစ်စု ပေါ်ထွက်လာရာ တစုမှာ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုမြင်ပြီး ကျန်တစုကမူ လမ်းဖွင့်ပေးခြင်းအဖြစ် ရှုမြင်ကြောင်း ယခုလ ၁ဝ ရက်နေ့တွင် သုံးသပ်ရေးသားခဲ့သည်။
`ဒီမိုကရေစီ ရွေးကောက်ပွဲတရပ်ဆိုသည်မှာ မည်မျှပင် မရိုးသားမယုံကြည်ရသည်ဖြစ်စေ မြန်မာနိုင်ငံတွင်းရှိ ဒီမိုကရေစီ အင်အားစုများအတွက် ဒီမိုကရေစီရေးတိုက်ပွဲ ဆက်လက်ဆင်နွှဲရန် အရေးပါကြောင်း သက်သေပြနိုင်သည်။ ဤတိုက်ပွဲမှာ အချိန်လည်း ကြာမည်၊ အခြား အချက်အလက်များစွာ အပေါ်လည်း မူတည်သေးသည်မှာ သံသယဖြစ်စရာ မရှိပါ။ သို့သော် စစ်အစိုးရက ဒီမိုကရေစီသွင်ပြင် တရပ်ဆီသို့ ရှေးရှုသွားလိုစိတ် ရှိနေသည့် အချက်ကမူ နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်း ဖိအားတို့ စစ်ဗိုလ်ချုပ်ကြီးများအပေါ် ကျရောက်ခဲ့သည်ကိုမူ ပြသခဲ့ခြင်း ဖြစ်သည်´ ဟု The Pioneer က ဆိုသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ ပေါ်ထွက်လာပြီးနောက် အိန္ဒိယရှိ သတင်းစာကြီးများက ဤကဲ့သို့ ပွင့်လင်းစွာ ဝေဖန်သုံးသပ်မှုများသည် ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ကြီးတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြတ်သားစွာ ထောက်ခံအားပေးခဲ့သော အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒ တဆစ်ချိုးပြောင်းကာ အရှေ့မျှော်မူဝါဒဟူ၍ ကျင့်သုံးနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ မူဝါဒအရ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသများနှင့် စီးပွားရေးဆက်ဆံမှုများ ထူထောင်ရန်သာ အိန္ဒိယက ဦးစားပေးစဉ်းစားနေသည်။
အံ့အားသင့်စရာ မကောင်းသည့် အချက်တရပ်မှာမူ အိန္ဒိယသာမက မြန်မာ့အိမ်နီးချင်း နိုင်ငံများက အဆိုပါ ရွေးကောက်ပွဲ ဥပဒေများအပေါ် ရေငုံနှုတ်ပိတ်လုပ်နေခြင်းပင် ဖြစ်သည်။
သူ၏ နယ်စပ်တလျှောက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ ကဲ့သို့သော ငြိမ်းချမ်းရေးအဖွဲ့များနှင့် စစ်အစိုးရတပ်ဖွဲ့အကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့် တရုတ်နိုင်ငံကမူ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် ဝန်ကြီးချုပ် ဝမ်ကြားပေါင် မကြာခင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် အကြောင်းကိုသာ အတည်ပြုကြေညာခဲ့သည်။
သို့သော် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံသားတိုင်း လွတ်လပ်စွာ ပါဝင်ခွင့်ရှိကာ အများယုံကြည်လက်ခံ၍ ပွင့်လင်းမြင်သာမျှတပြီး အားလုံးပါဝင်သော နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ပေါက်စေရန် မြန်မာအာဏာပိုင်များကို ပြီးခဲ့သည့်အပတ်တွင် ထပ်လောင်းပြောကြားခဲ့သည်။
မစ္စတာ ဘန်ကီမွန်း၏ ဤပြောကြားချက်သည် နှစ် ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဗွေဆော်ဦး ရွေးကောက်ပွဲဥပဒေကို မြန်မာနိုင်ငံတွင် ထုတ်ပြန်ကြေညာအပြီး ၂ ရက်မျှ အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
'ကျနော်တို့ ရရှိထားသမျှ အချက်အလက်တွေက ညွှန်ပြနေတာကတော့ နိုင်ငံတကာက မျှော်လင့်နေတဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် လိုအပ်တယ်ဆိုတာကို သူတို့ ထည့်သွင်းစဉ်းစားထားခြင်း မပြုဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်´ ဟု သူက ပြောသည်။
ထို့အပြင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း မြန်မာ့အရေး အထူးအစည်းအဝေးတရပ်ကို နယူးယောက်မြို့တွင် ကျင်းပရန် ကုလအတွင်းရေးမှူးချုပ်ကို ယခုလ ၁၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
အလားတူပင် အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင် ဖိလိပိုင်နိုင်ငံကလည်း အနောက်နိုင်ငံများနှင့်အတူ လက်တွဲကာ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများကို ရှုတ်ချလိုက်သည်။ စစ်အစိုးရသည် တိုင်းပြည်တွင်းတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရန် ပြုလုပ်ပါမည်ဆိုသော မိမိ၏ ကတိကို ယခုရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြင့် ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။