စစ်အာဏာရှင်များ အောင်မြင်ရေးအတွက် အကွက်ချ စီမံထားသည့် ရွေးကောက်ပွဲ ဥပဒေကြောင့် အများယုံကြည်လက်ခံမည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ဖိလစ်ပိုင် အခြေစိုက် Free Burma Coalition - FBC က ယနေ့ ပြောဆိုလိုက်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရှိအောင် အကွက်ချ ရေးဆွဲထားသဖြင့် ဒီမိုကရေစီနည်းကျပြီး ယုံကြည်လက်ခံနိုင်မည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း FBC က ပြောဆိုခြင်း ဖြစ်သည်။
''မြန်မာ့ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်နဲ့အတူ အတိုက်အခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ဝင်မပါ ရအောင် တားမြစ်ထားတယ်။ ဒီလက္ခဏာက ၂ဝ၁ဝ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတာနဲ့ ဒီမိုကရက်တစ်နည်းလမ်း မကျတာကို ပြသနေတယ်'' ဟု FBC (ဖိလစ်ပိုင်) ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Egoy Bans က မဇ္ဈိမကို ပြောသည်။
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုး၍ ထုတ်ပြန်ခဲ့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ထောင်ဒဏ်ကျခံနေရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံ၍ မရနိုင်ကြောင်း ဆိုထားသည်။
နေအိမ်ထဲသို့ ရေကူးခိုးဝင်သော အမေရိကန် နိုင်ငံသားအား ခိုလှုံခွင့်ပေးသဖြင့် အတိုက်အခံ ခေါင်းဆောင်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားသဖြင့် နေအိမ်တွင် ၁၈ လ အကျယ်ချုပ်ပြစ်ဒဏ် ကျခံနေရသည်။
''ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး လွှတ်ရမယ်။ ပြီးရင် ရွေးကောက်ပွဲမှာ ပါအောင် လုပ်ရမယ်။ ဒုတိယအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို တိုက်ခိုက်နေတာ ရပ်တန့်ရမယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘယ်အခြေအနေမှာဖြစ်ဖြစ် လိုအပ်တာမှန်သမျှ လုပ်ကိုလုပ်ရမယ်။ တတိယအချက်က ရွေးကောက်ပွဲ ဥပဒေမှာ ဒီမိုကရေစီ စံနှုန်းတွေ ပါဝင်ရမယ်။ နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို ဖယ်ရှားရမယ်'' ဟု မစ္စတာ Egoy Bans က ပြောသည်။
သူက “လက်ရှိအခြေအနေအရ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါကြောင့် နအဖ ကို ဖိအားပေးနိုင်အောင်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာအောင်တော့ နိုင်ငံတကာကို ကျနော်တို့ တိုက်တွန်းနေပါတယ်။ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်ချေ ရှိတဲ့အပေါ်မှာ ကုလသမဂ္ဂအနေနဲ့လည်း စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းပါတယ်” ဟု သူက ဆက်ပြောသည်။
အလားတူ မြန်မာ့အရေး ဆောင်ရွက်သည့် အရှေ့တောင်အာရှ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ AIPMC (ASEAN Inter-Parliamentary Myanmar Caucus) ကလည်း စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်မခံကြရန် ယနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။
ထို့ပြင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက အတိုက်အခံ ခေါင်းဆောင်အား စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် ကန့်သတ်သည့် ဥပဒေများနှင့် ပတ်သက်၍ စစ်အစိုးရကို ဖိအားပေးပြောဆိုရန် ရှိကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောဆိုခဲ့သည်။
ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း ရွေးကောက်ပွဲ ဥပဒေသည် ကန့်သတ်တားမြစ်မှုများ ပါဝင်နေပြီး၊ ညီမျှမှုမရှိဟု ဝေဖန်ပြောဆိုကာ ထိုကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတရပ်အား ကုလသမဂ္ဂ အခြေစိုက်ရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ခေါ်ယူပေးရန် ကုလအထွေထွေ အတွင်းရေးမှူးချုပ်ထံ ယနေ့ စာရေးသား တောင်းဆိုခဲ့သည်။