ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတခုသည် ကျပ်ငွေ ၃ သိန်း ကော်မရှင်သို့ ပေးသွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတဦးသည် ကျပ်ငွေ သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်နေ့စွဲတပ် ထုတ်ပြန်လိုက်ပြီး မနက်ဖြန်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ပုံနှိပ်ဖော်ပြမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါတီတည်ထောင်လိုလျှင် ငွေကျပ် ၃ သိန်းပေးသွင်းရမည်ဟု ပါရှိသည်။
နည်းဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးစီသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစားရိတ်ကို ကျပ်ငွေ သိန်း ၁ဝဝ အထိ အမြင့်ဆုံး အသုံးပြုနိုင်သည်ဟုပါရှိသည်။
ထို့အပြင် ပါတီမှတ်ပုံတင်ရာတွင် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး လျှောက်ထားရမှာဖြစ်သည်။
မှတ်ပုံတင်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေကို နိုင်ငံအဝှမ်းယှဉ်ပြိုင်မည့်ပါတီဖြစ်လျှင် အနည်းဆုံး ၁ဝဝဝ ၊ ဒေသဆိုင်ရာပါတီဖြစ်လျှင် အနည်းဆုံး ၅ဝဝ ပြည့်မှီအောင် ဖြည့်သွင်းရမှာဖြစ်သည်။
ပါတီတခုသည် အနည်းဆုံး သတ်မှတ်ထားသော ပါတီဝင်အရေအတွက် လျော့နည်းသွားလျှင် ကော်မရှင်ထံ အကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားသည့်နေ့မှစ၍ ရက် ၉ဝအတွင်း ပြန်လည်ပြည့်မီအောင် စည်းရုံုးရမှာဖြစ်သည်။
ကိုယ်စားလှယ်လောင်းအတွက် အသုံးပြုခွင့် ပမာဏအပေါ် များလွန်းသည်ဟုလည်း ထင်မြင်နေသူများလည်းရှိသည်။ မင်္ဂလာဒုံမြို့နယ်မှနေ၍ အမျိုးသားနိုင်ရေး မဟာမိတ်များအဖွဲ့ချုပ် ပါတီအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီးဟောင်း ဦးကြည်ဝင်း က “အဲဒီလောက်ကြီးကျတော့ အသုံးစရိတ်များတယ်လို့တော့ ငါ့အနေနဲ့ မြင်တယ်။ အရေးကြီးတာက လွတ်လပ်၍ လျှို့ဝှက်မဲဆန္ဒက မှန်မှန်ကန်ကန် ဖြစ်ဖို့ လိုပါတယ်။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ သူဋ္ဌေးတွေကတော့ ရှိကောင်း ရှိလိမ့်မယ်။ ငါတို့လို့ အမတ်အရွေးခံမယ့် သူတွေက သိန်း ၁ဝဝ မပြောနဲ့ တသိန်း လောက်တောင် မတရား လုပ်ရမှာ သိလား။” ဟု ပြောသည်။