စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု

စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု
by -
စိုင်းဇွမ်ဆိုင်း
စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနားက ကုလသမဂ္ဂကို....

စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနားက ကုလသမဂ္ဂကို အကြံပြုလိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနား Tomás Ojea Quintana က ကုလလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံ အကြံပြုခြင်း ဖြစ်သည်။

ချိုးဖောက်မှုဖြစ်စဉ်အချို့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ” အဖြစ် သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများသည် “စနစ်တကျ” ကျူးလွန်နေသည့် ပုံစံဖြစ်နေပြီး ရပ်တံ့စေရန် အားထုတ်တားဆီးမှု မရှိဘဲ၊ အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးဌာနများကပါ ကျူးလွန်နေကြသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

လိုအပ်သည့် အသေးစိတ်အချက်အလက်များကို စစ်ဆေးစုဆောင်းနိုင်သည့် အခွင့်အရေးရှိသော ကော်မရှင်တခုကို ကုလသမဂ္ဂအဖွဲ့ကြီးမှ ဖွဲ့စည်းပေးရန် စဉ်းစားသင့်သည်ဟု ထောက်ပြထားသေးသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကုလအထူးသံအဖြစ် ၂ဝဝ၈ ခုနှစ် မေလမှ စတင်၍ တာဝန်ပေးခံရသည့် မစ္စတာ ကွင်တားနား၏ တတိယအကြိမ်မြောက် မြန်မာခရီးစဉ် အပြီးတွင် ကုလသမဂ္ဂသို့ ထိုသို့အကြံပြုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ခရီးစဉ်၌ အဓိကခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း စစ်အစိုးရနှင့် အတိုက်အခံတို့မှ ကိုယ်စားလှယ်အချို့၊ နိုင်ငံရေးအကျဉ်း သားအချို့ကို တွေ့ဆုံခွင့် ရရှိခဲ့သည်။

မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌ ထိုင်းဒီမိုကရက် အစိုးရအမတ် မစ္စတာ ကရိုင်ဆတ် ချွန်ဟာဗန် Kharaisak Choonhavan ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ ဖွဲ့ရန် ထောက်ခံလိုက်သည်။

“မစ္စတာ ကွင်တားနားရဲ့ အစီရင်ခံစာနဲ့ သူ့ရဲ့ အကြံပြုချက်တွေဟာ အလွန်ကောင်းမွန်တဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် လည်း ဒါကို သဘောတူမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အငြိမ်းစား ထိုင်းသံအမတ်ကြီး အတ်စ်ဒါ ဂျာယာနာမား Asda Jayanama ကလည်း ကုလအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အနေဖြင့် ကော်မရှင် ဖွဲ့စည်းပေးနိုင်လိမ့်မည်ဟု ယူဆသည်ဟု ပြောသည်။

“တခုရှိတာက ဖွဲ့ပြီးသွားတဲ့ ကော်မရှင်က နအဖ အစိုးရက အဲဒီကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ရှိမရှိ ဆိုတာက ပိုအရေးကြီးပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

မစ္စတာ ကွင်တားနားသည် အထူးသံအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ၂ဝဝ၈ ခုနှစ်တွင် တကြိမ်၊ ၂ဝဝ၉ ခုနှစ်တွင် တကြိမ်် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

စစ်အစိုးရအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်သည့် ပြည်တွင်းဥပဒေများကို သုံးသပ်ပြင်ဆင်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန်၊ တပ်မတော်ကို လူ့အခွင့်အရေး ပညာပေးရန်၊ လွတ်လပ်သော တရားစီရင်မှုစနစ် ကျင့်သုံးရန်တို့ကို အကြံပြုခဲ့သော်လည်း စစ်အစိုးရက အပြည့်အဝ လိုက်နာခြင်း မရှိကြောင်း မစ္စတာ ကွင်က ဆိုသည်။

မစ္စတာကွင်တားနား မတိုင်မီ အလားတူ လူ့အခွင့်အရေးသံတမန် ၃ ဦးထဲမှ မစ္စတာ ပေါ်လို ဆာဂျီရို ပင်ညဲရိုးကလည်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းရန် ကော်မရှင်တရပ် ဖွဲ့သင့်ကြောင်း ကုလသမဂ္ဂကို အကြံပြုဖူးသည်။

Most read this week