၂၀၁၀ သင်္ကြန်တွင် Emperor နေပြည်တော်၌ ဖျော်ဖြေမည်

၂၀၁၀ သင်္ကြန်တွင် Emperor နေပြည်တော်၌ ဖျော်ဖြေမည်
by -
ဆလိုင်း ဟံသာစန်း
၀၁၀ ခုနှစ် သင်္ကြန်တွင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၌ နာမည်ကြီး Emperor တီးဝိုင်းက အဆိုတော် ဇော်ဝင်းထွဋ်နှင့်အတူ ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ ၂၀၁၀ ခုနှစ် သင်္ကြန်တွင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၌ နာမည်ကြီး Emperor တီးဝိုင်းက အဆိုတော် ဇော်ဝင်းထွဋ်နှင့်အတူ ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေမည်။

“ကျနော်တို့ အကြိုနေ့နဲ့ အကျနေ့ နေပြည်တော်မှာ ဖျော်ဖြေဖို့ ရှိတယ်။ အဆိုတော်ကတော့ ကိုညီထွဋ်ပေါ့။ Sponsor က ဦးဇော်ဇော်တို့ရဲ့ မက်စ်မြန်မာ ကုမ္ပဏီပါ။ အကြတ်၊ အတက်ကတော့ ရန်ကုန်က Air Bagan မဏ္ဍပ်မှာ ရှိမယ်” ဟု မန်နေဂျာ ကိုသန့်ဇော်က မဇ္စျိမကို ပြောသည်။

ထို့ပြင် ဥက္ကာဦးသာ ဦးစီးသည့် Plus – 3 တီးဝိုင်းနှင့်အတူ စည်သူလွင်၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ ရှင်ဖုန်း၊ N ကိုင်ရာ အပါအဝင် သားစိုး၊ Big Bag တို့လည်း နေပြည်တော်တွင် ဖျော်ဖြေမည်ဖြစ်ပြီး၊ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်လည်း မဏ္ဍပ်ထိုင်မည်ဟု သိရသည်။

“ကိုဥက္ကာဦးသာနဲ့ ကျနော်တို့က ဘော်ဒါတွေဖြစ်နေတော့ မင်း ငါတို့ဝိုင်းနဲ့ ဆိုမလားလို့ မေးတော့ ကျနော်က ဆိုမယ်လို့ ကတိပေးထားတယ်။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး။ ဆိုဖြစ်ရင်တော့ ကိုယ်နာမည်ရခဲ့တဲ့ သီချင်းလေးတွေ ဆိုသွားဖို့ ရှိတယ်။ ပရိသတ်က သူတို့ကြိုက်တဲ့ သီချင်းတွေ ဆိုပေးရင် ကျေနပ်ကြတာပဲလေ” ဟု တေးရေး၊ တေးဆို ဆောင်းဦးလှိုင်က ပြောသည်။

နေပြည်တော်တွင် ၂၀၀၆ ခုနှစ်မှ စတင်ကာ သင်္ကြန်ပွဲများ ကျင်းပခဲ့သော်လည်း စည်ကားခြင်း မရှိဘဲ ယခုနှစ်တွင် အဆိုတော်နှင့် အနုပညာရှင်များ လာရောက်မည့်အတွက် စည်ကားလာဖွယ်ရှိကြောင်း နေပြည်တော်ရှိ ဘီယာဆိုင် ဝန်ထမ်းတဦးက ပြောသည်။

“နေပြည်တော်မှာက ၂၀၀၆ ကတည်းက သင်္ကြန်လုပ်နေတာပဲ။ မစည်ပါဘူး။  နာမည်ကြီးတွေလည်း မလာကြပါဘူး။ ဒီနှစ် အဆိုတော်တွေ လာမယ်ဆိုတော့ အနီးနားက ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းက လူတွေ လာလည်ကြမယ် ထင်တယ်။ ပိုပြီး စည်လာမယ့်သဘော ရှိတယ်” ဟု သူက ပြောသည်။

လူငယ်ပရိသတ်များအကြိုက် ရော့ခ်တီးဝိုင်း Iron Cross - IC က လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း အပါအဝင် အခြား အဆိုတော်နှစ်ဦးနှင့်အတူ ပြီးခဲ့သည့်နှစ်ကဲ့သို့ တောင်ကြီးမြို့၌ ဖျော်ဖြေသွားမည်ဖြစ်သည်။

“ကျနော်တို့ ဒီသင်္ကြန်မှာ တောင်ကြီးမှာပဲ ရှိမှာပါ။ သင်္ကြန် ၄ ရက်စလုံးပေါ့။ အဆိုတော်ကတော့ IC ၄ ယောက်ပါ။ ထပ်တိုး ၂ ယောက် ရှိသေးတယ်။ ဘယ်သူတွေလဲတော့ မသိသေးဘူး။ Sponsor က တောင်ကြီးမြို့က လုပ်ငန်းရှင်တွေ စုပေါင်းခေါ်တာပါ” ဟု ဘေ့စ်ဂီတာသမား ခင်မောင်သန့်က ပြောသည်။

Lazy Club တီးဝိုင်းကမူ ယခုလက်ရှိ ကမ်းလှမ်းထားသူ ၃ ဦးခန့်ရှိပြီး၊ နေပြည်တော်နှင့် မန္တလေးမြို့အနက် တမြို့တွင် ဖြစ်နိုင်ကြောင်း မန်နေဂျာ ကိုစိုးနိုင်ထွန်းက ပြောသည်။

မန္တလေး သင်္ကြန်တွင်မူ Metal Zoneနှင့် The Trees တီးဝိုင်းတို့နှင့်အတူ စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည်၊ ဟန်ထွန်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ စသည့် အဆိုတော်များ ဖျော်ဖြေမည်ဖြစ်သည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင်မူ Emperor ဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ မိုးမိုး၊ နောနော်၊ ရဲလေးနှင့် သဇင်တို့ ဖျော်ဖြေမည်။

ယခုနှစ် သင်္ကြန်အတွက် အနုပညာကြေးများမှာ Iron Cross (အဆိုတော်ပါ) သိန်း ၁၅ဝဝ၊ The Trees (အဆိုတော်မပါ) သိန်း ၁ဝဝ၊ Plus – 3 (အဆိုတော်မပါ) သိန်း ၁ဝဝ၊ R ဇာနည် သိန်း ၁၅ဝ၊ ဟန်ထွန်း သိန်း ၈ဝ၊ စိုင်းစို်င်းခမ်းလှိုင် သိန်း ၁ဝဝ အထက်၊ ထွန်းအိန္ဒြာဗိုလ် သိန်း ၃ဝဝ ၊ ဖြူဖြူကျော်သိန်း သိန်း ၁ဝဝ အထက်နှင့် ဝိုင်းစုခိုင်သိန်း သိန်း ၁ဝဝ ခန့်ရှိကြောင်း  ပြည်တွင်းထုတ် Eleven ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ခန့်မှန်းဖော်ပြထားသည်။

Most read this week