ချင်းမိုင် (မဇ္စျိမ) ။ ။ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်နေဆဲမှာပင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပြောဆိုလိုက်သည်။
နာဂစ်မုန်တိုင်း တိုက်ပြီးခါစ ရုပ်ပြဆန္ဒခံယူပွဲ လုပ်သော အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၏ လုပ်ပိုင်ခွင့်ကို ပစ်ပယ် လျစ်လျူရှုထားသော ဥပဒေဖြစ်သည်ဟုဆိုကာ ပြန်လည်ပြင်ဆင်ရန် လိုသည်ဟု ALD ပါတီအတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
“ပြည်နယ် ဥပဒေပြုခွင့်ဆိုတာ ဘာမှ မယ်မယ်ရရ မပါလာတဲ့အပြင် တပ်မတော်က ကိုယ်စားလှယ်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ ပါတယ်။ အဲဒီတော့ ပြည်နယ်တွေမှာလည်း အဲလို ရာခိုင်နှုန်းအလိုက် ပါမယ်။ ပါတဲ့အပြင်ကို ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေ သမ္မတတွေ ခန့်ရာမှာ အခြေခံ အချက်အလက်တွေနဲ့ မကိုက်ညီတာတောင် သမ္မတက အဆိုပြုနိုင်တယ်လို့ ဖွဲ့စည်းပုံမှာ ဆိုထားတယ်” သူက မဇ္ဈိမကို ပြောသည်။
အတိုက်အခံများက အပြင်းအထန် ကန့်ကွက်ထားသော အခြေခံဥပဒေက ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခို်င်နှုန်း အလိုအလျောက် လွှတ်တော်အမတ်များ ဖြစ်လာခြင်း၊ နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင် ရှိရမည့်သူဖြစ်ခြင်း၊ တပ်မတော်၏ သဘောဆန္ဒနှင့် မကိုက်ညီလျှင် သမ္မတက အရေးပေါ် အခြေအနေ ကြေညာနိုင်ပြီး လွှတ်တော်ကို ဖျက်သိမ်းခွင့်ပြုထားခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်စည်ပင်ဝန်ကြီးများကို တပ်မတော်သားများသာ ဖြစ်အောင် ကန့်သတ်ထားခြင်းတို့က အတိုက်အခံများ အဓိက ထောက်ပြသော စစ်အုပ်စုကို တရားဝင် အာဏာအပ်နှင်းစေသော အချက်များ ဖြစ်သည်။
“ဒီဖွဲ့စည်းပုံအရဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တော်တော့ကို အလှမ်းဝေးသွားမယ််။ ဒါကို မပြင်ဘူး ဆိုရင်တော့ ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားဖို့ မဖြစ်နိုင်ပါဘူး” ဟု ဦးအေးသာအောင်က မဇ္စျိမကို ပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၍ မရနိုင်စေရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်မှ သဘောတူ လက်ခံဆွေးနွေးပြီးမှ ပြင်ဆင်ခွင့်ရမည်ဟု ပါရှိနေရာ ကာကွယ်ရေး ဦးစီးချုပ်၏ ဆန္ဒကိုကျော်လွန်၍ တပ်မတော်သား ကိုယ်စားလှယ်ဘက်က မဲရရန် မဖြစ်နိုင်ဟု သူက ထောက်ပြသည်။
ပြင်ဆင်ပေးပါရန် တောင်းဆိုခဲ့သော်လည်း နအဖမှ လုံးဝ ဂရုစိုက်ခြင်း မရှိသဖြင့် ရွေးကောက်ပွဲ ဝင်မဝင်ကို အတိအကျ ဆွေးနွေးမှုမရှိသေးကြောင်း ဇိုမီးအမျိုးသားကွန်ကရက် ZNC က ပြောသည်။
“နဂိုတည်းက ဒီအခြေခံဥပဒေကို မထောက်ခံဖို့ ဆိုတဲ့ကြားမှာ အခု ပါတီတွေ ထောင်တဲ့အခါမှာ ဒီအခြေခံ ဥပဒေကို ကာကွယ်ပါ့မယ်ဆိုတဲ့ ဝန်ခံချက်တွေ ထားရမယ်။ ဆိုတော့ အားလုံးတောင် ဘာမှ ရစရာမရှိအောင် ဖြစ်သွားတယ်လေ။” ဟု ZNC ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်က မဇ္စျိမကို ပြောသည်။
သို့သော်လည်း စစ်အစိုးရနှင့် နီးစပ်သော ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ကိုအေးလွင်ကမူ ယခုဥပဒေ ထွက်လာခြင်းကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံရေးလုပ်လိုသည့် လူများအတွက် လုပ်ပိုင်ခွင့် လမ်းများ ပွင့်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဖွဲ့အစည်း ဖွဲ့မယ်ဆိုရင် အသင်းအဖွဲ့ ဥပဒေရယ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရယ် အဲဒီနှစ်ခုပဲ ရှိတယ်လေ။ အခုလောလောဆယ်မှာ ဒီဥပဒေထွက်လာတော့ နိုင်ငံရေးလုပ်မယ့် လူတွေအတွက် လမ်းပွင့်သွားတာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်အတွက်လည်း မနက်ဖြန်တွင် ဗဟိုဦးစီးအဖွဲဝင်များ တွေ့ဆုံဆွေးနွေးမည်ဟု သူက ဆက်ပြောသည်။
သို့သော် ယခုအထိ ကော်မရှင်အသစ်အတွက် ဥပဒေသာ ထွက်သေးပြီး ကော်မရှင်မဖွဲ့ရသေးသဖြင့် နိုင်ငံရေးပါတီများအတွက် မေးခွန်းတခု ဖြစ်နေသည်။
တည်ဆဲနိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်အသစ်ထံ လျှောက်ထားရမည်ဖြစ်ပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ''နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း'' ဥပဒေတွင် ဖော်ပြထားသည်။
ယခုနှစ်တွင် ရွေးကောက်ပွဲလုပ်မည်ကို နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က အကြိမ်ကြိမ် ထုတ်ဖော်ပြောနေသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မထုတ်ပြန်သေးပေ။