နယူးဒေလီ (မဇ္စျိမ)။ ။ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီပိုင် အေးရှားဝေါလ် ဆိပ်ကမ်းကို ယခုနှစ်အတွင်း နိုင်ငံတကာ အဆင့်မီအဖြစ် ပြင်ဆင်သွားမည်ဟု သိရသည်။
အလုံဆိပ်ခံဘောတံတားဟု လူသိများသည့် ယင်းဆိပ်ကမ်းသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် တည်ရှိပြီး၊ နိုင်ငံတကာ ကုန်သေတ္တာများ တင်ဆောင်သည့် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းတခု ဖြစ်သည်။
''ဆိပ်ကမ်းကို ကြည့်မြင်တိုင်မြို့နယ်အတွင်းထိ တောက်လျှောက်တိုးချဲ့သွားမယ်လို့ ကြားပါတယ်။ ကုန်ကျမှု ငွေကြေးကို (ကျပ်) သန်းပေါင်း ၄ သောင်း အသုံးပြုသွားမယ်လို့ သိရတယ်ဗျ'' ဟု အေးရှားဝေါလ် ကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် အမေရိကန်အစိုးရက ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
''အဲဒီဆိပ်ကမ်းမှာ သစ်၊ ဘိလပ်မြေ၊ သံချောင်းတွေကို အဓိကထားပြီး နိုင်ငံခြားက တင်သွင်းတယ်'' ဟု ရန်ကုန် ဆိပ်ကမ်းအာဏာပိုင်ရုံး၏ တာဝန်ရှိသူတဦးက ပြောသည်။
ဆိပ်ကမ်းအနီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြန်မာ့အကြီးဆုံး စျေးဖြစ်သည့် သီရိမင်္ဂလာ ကုန်စိမ်းစျေးကြီးနှင့် ယင်းစျေးတည်ရှိရာ အလုံမြို့ ကမ်းနားတလျှောက်တွင် ဆင်မင်းစျေးနှင့် ကြည့်မြင်တိုင် စံပြငါးစျေးတို့ တည်ရှိနေရာ ဆိပ်ကမ်းတိုးချဲ့မည်ဟူသော သတင်းများကြောင့် စျေးသူစျေးသားများမှာ စျေးအဖျက်ခံရနိုင်သည်ဟုဆိုကာ စိုးရိမ်ပူပန်နေကြသည်။
''ကျနော်က သီရိမင်္ဂလာစျေးမှာ ကုန်စိမ်းရောင်းနေတာပါ။ ပြီးခဲ့တဲ့ ၅ နှစ်က ပဲရောင်းတာပါ။ နေသားတကျလည်း ဖြစ်နေပါပြီ။ အခု စျေးကို ပြောင်းမယ်လို့ စည်ပင်က စာရေးတယောက်က ပြောပါတယ်။ ပြောင်းမယ့်နေရာတော့ မသိရသေးပါဘူး။ စျေးဆိုင်ခန်းအတွက် ငွေသွင်းရမယ်လို့လည်း ပြောတယ်။ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး'' ဟု စျေးရောင်းသူတဦးက ပြောသည်။
သို့သော် ရန်ကုန်စည်ပင် အရာထမ်းတဦးက သီရိမင်္ဂလာစျေးကို ပြောင်းရွှေ့ရန် အမိန့်မကျသေးကြောင်းနှင့် ပြောင်းရမည် မပြောင်းရမည်ကို မသိကြောင်း ပြောသည်။
အေးရှားဝေါလ် ဆိပ်ကမ်းပိုင်ရှင် ဦးထွန်းမြင့်နိုင်သည် Myanmar National League ဘောလုံးကလပ်တွင် မကွေးယူနိုက်တက် အသင်းပိုင်ရှင်တဦးဖြစ်ပြီး ကချင်ပြည်နယ်တွင် ရွှေတူးခွင့် ရထားကာ ရန်ကုန်ရှိ အင်အားကြီး စီးပွားရေးလုပ်ငန်းအုပ်စု၏ ထိပ်တန်းဝင် တဦးလည်းဖြစ်ကြောင်း သူနှင့်နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ပြည်ပထွက်ခွာ သဘောင်္ တစင်းပေါ်တွင် ဘိန်းဖြူ ၂၉ ကီလိုဂရမ်ခန့်ကို မူးယစ် ဗဟိုက ဖမ်းဆီးရခဲ့သေးသည်။