ဖလမ်းရွာ ၆ ရွာ ကိုယ်ထူကိုယ်ထ လမ်းဖောက်ရ

ဖလမ်းရွာ ၆ ရွာ ကိုယ်ထူကိုယ်ထ လမ်းဖောက်ရ
ချင်းပြည်နယ် ဖလမ်းမြို့ မယက ဥက္ကဋ္ဌ ညွှန်ကြားချက်အရ မြို့နယ်တွင်းရှိ တဆက်တည်း တည်ရှိနေသော ကျေးရွာ ၆ ရွာသည် ပြီးခဲ့သည့် လလည်ခန့်မှ စတင်ကာ ကိုယ်ထူကိုယ်ထ ...

နယူးဒေလီ(မဇ္စျိမ) ။     ။ ချင်းပြည်နယ် ဖလမ်းမြို့ မယက ဥက္ကဋ္ဌ ညွှန်ကြားချက်အရ မြို့နယ်တွင်းရှိ တဆက်တည်း တည်ရှိနေသော ကျေးရွာ ၆ ရွာသည် ပြီးခဲ့သည့် လလည်ခန့်မှ စတင်ကာ ကိုယ်ထူကိုယ်ထ နည်းဖြင့် ကားလမ်းဖောက်နေကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလဆန်းတွင် ဖလမ်း မယက ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ညွှန်ကြားခဲ့သဖြင့် ဖလမ်းမြို့ အနောက်မြောက် ၁၈ မိုင်အကွာရှိ လျံဒို့ (Lianduh) ရွာမှ ခွာဆုမ်း (Khuasum) ရွာထိ ကျေးရွာ ၆ ရွာကို ဆက်သွယ်ထားသည့် ၆ မိုင်ကျော် အရှည်ရှိ ဆိုင်ကယ်လမ်းကို ရွာသားများက ကားလမ်းအဖြစ် ပြုပြင် ဖောက်လုပ်နေခြင်း ဖြစ်သည်။

“Lianduh ကနေ အနောက်ပိုင်းရွာတွေက ခြေလမ်းပဲ ရှိတယ်။ ၂ဝဝ၇ ခုနှစ်လောက်မှာ Lianduh ရွာသား ဦးနိုးဘွာလ်ဟရန်း ဦးဆောင်ပြီး  လိုးဆွားနှစ်ခြင်း အသင်းတော်နဲ့ ပူးပေါင်းပြီး ဆိုင်ကယ်လမ်း ဖောက်ခဲ့တယ်။ Lianduh ရွာက ၆ ရွာမြောက်၊ Losau ရွာအထိ jeep ကား သွားနိုင်တဲ့ လမ်းဖောက်မယ်” ဟု လမ်းဖောက်ကျေးရွာများနှင့် ကပ်လျက်တည်ရှိသည့် Tlau Hmun ကျေးရွာမှ Pa Thian က မဇ္စျိမကို ပြောသည်။

မယက ဥက္ကဋ္ဌ က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အဆိုပါ ကျေးရွာများဘက်ကို လှည့်လည်ကြည့်ရှုလိုကြောင်းနှင့် လမ်းများပြုပြင်စေလိုကြောင်း ကျေးရွာကောင်စီ ရယက များသို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

“လုပ်အားပေးနိုင်သူ လူပေါင်း ၅ဝ လောက်က နေ့တိုင်း လုပ်တယ်။ ရွာသူရွာသားတွေက အစားအသောက် ကိုယ်တတ်နိုင်သလောက် ဆန်၊ ပဲ၊ အစရှိတဲ့ အစားအသောက်တွေကို လှူကြတယ်” ဟု Pa Thian က ပြောသည်။

ဆိုင်ပီး (Seipi)၊ ရာလန် (Rallang)၊ ဘွားလ်ဇော (Bualzawl)၊ ခွာဆုမ်း (KhawSum)၊ လိုးဆွား (Losau) နှင့် လျံဒို့ (Lianduh) အစရှိသည့် ကျေးရွာ ၆ ရွာမှ ရွာသား ဦးရေ ၅ဝ က နေ့စဉ် လမ်းဖောက်လုပ်အားပေးကြသည်။ အဆိုပါ ကျေးရွာအားလုံးတွင် အိမ်ခြေပေါင်း ၂ဝဝ နီးပါးခန့် ရှိသည်။

ဆိုင်ကယ်လမ်းသာ ရှိခဲ့သဖြင့် မိုးတွင်းကာလတွင် အဆိုပါ ကျေးရွာများ လမ်းတလျှောက် သွားလာ၍ မရလောက်အောင် ပျက်စီးလေ့ရှိပြီး၊ ထိုသို့သော လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ရွာသားများအတွက် ကျန်းမာရေးနှင့် စီးပွားရေးအပြင် အခြားကဏ္ဍများအတွက်ပါ ချို့ယွင်းအားနည်းချက်များ ဖြစ်ခဲ့ရကြောင်း ကားလမ်းဖောက်လုပ်နေသူ တဦးက ပြောသည်။

“ကားလမ်းလုပ်ချင်တာ အတော်ကြာပြီ။ အရင်က တောင်ပေါ် ခြေလမ်းပဲ ရှိတယ်။ သာရေးနာရေးမှာ အများကြီး ဒုက္ခရောက်တယ်။ လမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ရွာသူရွာသားတွေ မသေသင့်ဘဲ လူပေါင်းအများကြီး သေဆုံးရတယ်။ ကျနော်တို့ ရွာတွေက လိမ္မော်သီး၊ ပန်းသီး၊ ပြောင်းဖူး၊ ပဲနဲ့ အသက်မွေးဝမ်းကြောင်းတယ်။ တောင်ယာထွက် သီးနှံတွေကို မြို့ပေါ်မှာ (ကျပ်) ၁ဝဝ ဆိုရင် ၃ဝ လောက်ပဲ ရှိတယ်။ ကားလမ်းပေါက်သွားရင် ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးကို အများကြီး အထောက်အကူ ပြုမယ်” ဟု သူက ဆက်ပြောသည်။

လမ်းဖောက်ရာတွင် သုံးစွဲရန်အတွက် ခွာဆုမ်းရွာသား ဦးလားလ်ဟရဲလျံက ကျပ်ငွေ ၁ဝ သိန်းအပြင် ဒေသခံများကလည်း တတ်နိုင်သရွေ့ ကူညီထောက်ပံ့ကြသည်။

ယခုလကုန်တွင် အပြီးသပ်မည်ဟု မျှော်လင့်ခဲ့သော်လည်း အာဏာပိုင်များဘက်က လိုအပ်သည့် စက်ယန္တရား အထောက်အကူ မပြုဘဲ၊ လူအင်အားဖြင့်သာ လုပ်ကိုင်နေရသဖြင့် နောက်လကုန်မှ ပြီးစီးဖွယ်ရှိသည်ဟု ကားလမ်းဖောက်သူကပင် ပြောပြသည်။

ငွေကြေးအခက်အခဲကြောင့် ကတ္တရာလမ်း (သို့မဟုတ်) ကျောက်ခင်းလမ်း မလုပ်နိုင်ဘဲ မြေလမ်းကို ချဲ့ထွင်ခြင်းသာ ဖြစ်ပြီး၊ ၎င်း ကျေးရွာ ၆ ရွာနှင့် ဆက်စပ်တည်ရှိနေသည့် အခြား ကျေးရွာများကိုလည်း လာမည့် နှစ်ဆန်းပိုင်းတွင် ဆက်လက်၍ ကားလမ်းဖောက်လုပ်သွားမည့်အကြောင်း သိရသည်။