မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ fokker 70 လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းကို ယနေ့ စတင်လိုက်သည်။
ရက်သတ္တတပတ်လျှင် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေတွင် ပျံသန်းမည်ဖြစ်ကြောင်း ဗီယက်နမ် လေကြောင်းလိုင်း တာဝန်ရှိသူက ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောဆိုခဲ့သည်။
ယနေ့မှစတင်၍ ရန်ကုန်-ဟနွိုင်း၊ ဟနွိုင်း-ရန်ကုန်သို့ ပျံသန်းသွားမည်ဖြစ်ကာ လက်မှတ်ခကို တကြောင်းလျှင် ၁၉၅ ဒေါ်လာနှင့် အသွားအပြန်အတွက် ဆိုပါက ၂၆၀ ဒေါ်လာ ကုန်ကျမည်။
ဟနွိုင်းမှတဆင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်၊ ဂျပန်နိုင်ငံ တိုကျို၊ အိုဆာကာ၊ ဖူတိုအိုကာ၊ နာဂိုရာ၊ ပြင်သစ် (ပဲရစ်)၊ ဂျာမဏီ (ဖို့သ်) နှင့် ရုရှား (မော်စကို) မြို့များကိုပါ ဆက်လက်သွားရောက်နိုင်မည်။
ယခုပြေးဆွဲမှုမှာ ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် သဘောတူခဲ့သော လေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီမှုကြောင့်ဖြစ်ပြီး လာမည့် ဧပြီလအထိ အကြံုးဝင်မည်။
ယနေ့စတင်သည့် ပထမဆုံး ပျံသန်းမှုမှာ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် ဖြစ်ပြီး၊ ပျံသန်းမှုကြောင့် နှစ်နိုင်ငံ စီးပွားရေး တိုးမြှင့်ရုံသာမက ခရီးသွားကဏ္ဍပါ တိုးတက်လာမည် ဖြစ်ကြောင်းနှင့် ယင်းအပြင် ယဉ်ကျေးမှု ဖလှယ်ခွင့် ရရှိလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ မစ္စတာ Duong Tri Thanh က သတင်းစာ ရှင်းလင်းပွဲအပြီး ဝေငှသော သတင်းလွှာပေါ်တွင် ရေးသားပြောဆိုထားသည်။
ဗီယက်နမ် လေကြောင်းလိုင်းက ယခုခရီးစဉ် တိုးချဲ့ပျံသန်းခြင်းမှာ မဲခေါင်ဒေသများကို ပျံသန်းခြင်းဖြစ်ပြီး၊ စီးပွားရေး မတည်ငြိမ်သော အခြေအနေတွင် ခရီးစဉ်တိုးချဲ့ခြင်းသည် လေကြောင်းလိုင်းအနေဖြင့် မတည်ငြိမ်မှုများကို ကျော်လွှားရာရောက်ကြောင်း သူက ဆိုထားသေးသည်။
ယခုခြေလှမ်းသည် ရေရှည်ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး၊ မဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း လာမည့် ၂၀၁၅-၂၀၂၀ ခုနှစ်အတွင်း အင်အားကြီးမားသော လေကြောင်းလိုင်းတခု ဖြစ်လာစေရန်ပါ ရည််ရွယ်ကြောင်း သိရသည်။
ဗီယက်နမ် လေကြောင်းလိုင်းသည် ၁၉၅၆ ခုနှစ်ကတည်းကပင် ဥရောပ၊ အာရှနှင့် သြစတြေးလျ နိုင်ငံများရှိ မြို့တော် ၂၆ မြို့သို့ ပျံသန်းလာခဲ့သော လေကြောင်းလိုင်း ဖြစ်သည်။