ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားများအနေဖြင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် ပူးပေါင်းလုပ် ဆောင်သွားကြရန် ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် ရုပ်ရှင် ဒါရိုက်တာကြီး ဦးဝင်းဖေတို့က ယနေ့ တိုက်တွန်းလိုက်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတနေရာတွင် ယနေ့ စတင်ကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ညီလာခံအတွက် ဗီဒီယိုမှတဆင့် အမှာစကားပြောကြားခဲ့သည်။
“မီဒီယာတွေ လုပ်ကိုင်နေကြတဲ့ ရည်ရွယ်ချက်ကလည်းပဲ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် တိုင်းပြည်လွတ်လပ်ရေးအတွက် ဖြစ်တယ်။ အဲဒါကြောင့် တဦးနဲ့တဦး အပြန်အလှန် ကူညီရိုင်းပင်းပြီး တော့ တခုတည်းသော ရည်မှန်းချက် ပန်းတိုင်ကို ရောက်တဲ့အထိ ကြိုးပမ်းအားထုတ်ကြပါဆိုတဲ့ စကားလေးပဲ ကျနော် ပါးချင်ပါတယ်” ဟု လူထုစိန်ဝင်းက ပြောသည်။
သတင်းသမားများသည် လူထုနှင့် တိုင်းပြည်အကျိုးအတွက် အမှန်တရားဘက်မှ ရပ်တည်ကာ လုပ် ဆောင်နေကြသူများဖြစ်ပြီး အမှန်တရား နောက်ကွယ်မှ လူများ၏ ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်ခံ ရလေ့ရှိသည့် အန္တရာယ်ဆိုးများမှ ကင်းလွတ်ပါစေရန် လူထုစိန်ဝင်းက ဆုမွန်ကောင်း တောင်းပေးလိုက်သည်။
နိုင်ငံကျော်စာရေးဆရာနှင့် ဒါရိုတ်တာကြီး ဦးဝင်းဖေကလည်း မြန်မာနိုင်ငံတွင်ရှိသည့် အဓိက မဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် စီမံခန့်ခွဲအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးသာမက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍကိုလည်း စစ်အစိုးရက အာဏာဖြင့် သိမ်းယူခဲ့ကြောင်းပြောသည်။
“အရေးအကြီးဆုံးကတော့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာပဲ။ ရှုပ်တာ၊ ဝင်စွက်ဖက်တာတွေ၊ ဘာတွေ မဟုတ်တော့ဘူး။ ရှိကိုမရှိတော့တာ။ မြန်မာပြည်မှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းမီဒီယာက ရှိကိုမရှိတော့ဘူး” ဟု သူက ပြောကြားသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ပရောက် သတင်းမီဒီယာသမား များအနေဖြင့် တတ်နိုင်သမျှ လှမ်းထောက်ပြနေကြရခြင်းသည် နိုင်ငံတည်ငြိမ်မှုမရှိခြင်းဆိုသည်ကို ပြသနေသည်ဟု သူကဆိုသည်။
“ခင်ဗျားတို့ ဒီကနေ့ လုံးပန်းနေတဲ့ စတုတ္ထမဏ္ဍိုင် တာဝန်ကြီးဟာ ဒီအချိန် ဒီအခါ သမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်း လုံခြံုရာ လုံခြံုကြောင်း လွတ်လပ်ရာ လွတ်လပ်ကြောင်းအတွက် တက်နိုင်သမျှ ကြိုးပမ်းနိုင်ကြပါစေလို့ ကျနော်တိုက်တွန်းရင်း ဆုတောင်းပေးလိုက်ပါတယ်” ဟု ဦးဝင်းဖေက ပြောသည်။
မြန်မာသတင်းသမဂ္ဂ ညီလာခံသို့ ပြည်တွင်းပြည်ပမှ သတင်းဌာနများ၊ နိုင်ငံရေးသမား၊ ဘလော့ကာနှင့် အန်ဂျီအို စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်နေပြီး ယနေ့မှစ၍ ၃ ရက်ကြာ ကျင်းပကြမည်ဖြစ်သည်။