နယူးဒေလီ (မဇ္စျိမ)။ ။ မလေးရှားနိုင်ငံရှိ လန်ဂျန်း (Lang Geng) ထိန်းသိမ်းရေး စခန်းမှ မြန်မာဒုက္ခသည် ၁၀၆ ဦးအား လွှတ်ပေးရန်အတွက် ယမန်နေ့ နံနက်တွင် UNHCR ကုလဒုက္ခသည်ရုံးက လာရောက် ခေါ်ဆောင်သွားကြောင်း ဒုက္ခသည်များ အဆိုအရ သိရသည်။
၂ လတိုင်အောင် UNHCR အရာရှိများ မလာရောက်သဖြင့် ယခုလ ၂၂ ရက်နေ့တွင် မြန်မာဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ရာ စခန်းအာဏာပိုင်များက ကတိပေးပြီး နောက်တရက်တွင် UNHCR က အင်တာဗျူး အောင်ပြီးသူ ဒုက္ခသည် ၃ဝဝ အနက် ၁ဝ၆ ဦးအား ပြန်လွှတ်ပေးရန် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။
“ဒုက္ခသည် ၁ဝ၆ ဦးပါ။ အားလုံး မြန်မာတွေပါပဲ။ အင်တာဗျူး အောင်ပြီးသား လူတွေပေါ့။ ဒီလို UN က လာခေါ်ရင် ကွာလာလမ်ပူမှာ လွှတ်ပေးလေ့ ရှိပါတယ်” ဟု လွန်ခဲ့သည့် ရ လခန့်က စခန်းအတွင်းသို့ ရောက်ရှိခဲ့သူ ဆန္ဒပြ ဒုက္ခသည်ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “မနေ့တနေ့ မနက်ပိုင်း ၆ နာရီခွဲလောက်ကနေ နေ့လည် ၃ နာရီလောက်အထိ အစာမစားဘဲ မြန်မာဒုက္ခသည်တွေ အကုန်ဆန္ဒပြကြတယ်။ အဲဒါနဲ့ စခန်းက ၃ ပွင့်နဲ့လူ ရောက်လာပြီး မနက်ဖြန် UN လာမယ်ဆိုပြီး ကတိပေးတာနဲ့ ၄ ရက် အစာငတ်ခံ ဆန္ဒပြမယ့် အစီအစဉ်ကို ရပ်ခဲ့တယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်အတွင်း တည်ရှိသည့် လန်ဂျန်း (Lang Geng) ဒုက္ခစခန်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဒုက္ခသည် ၆ဝဝ ကျော်အပါအဝင် အာဖရိက၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်နှင့် ပါကစ္စတန် နိုင်ငံများမှ ဒုက္ခသည် စုစုပေါင်း ၁၄ဝဝ ကျော် ရှိနေသည်။
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သည် တလလျှင် တကြိမ် စခန်းအတွင်းရှိ အမေးအဖြေ အောင်မြင်ပြီးသား ဒုက္ခသည်များအား လာရောက်ခေါ်ဆောင်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် နောက်ဆုံးအကြိမ် လာရောက်ခဲ့ကြောင်း ဒုက္ခသည်များက ဆိုသည်။
မလေးရှားနိုင်ငံအခြေစိုက် ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ (ARRC) ဒုဥက္ကဋ္ဌ ကိုသန်းဦးက “အခုလို UNHCR က မြန်မာဒုက္ခသည်အချို့ကို လာထုတ်သွားတဲ့အပေါ် အတိုင်းအတာတခုအထိတော့ ဝမ်းသာပါတယ်။ မလေးရှားမှာရှိတဲ့ တခြားစခန်းတွေမှာလည်း UNHCR ကို စောင့်စားနေတဲ့လူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အခုထက်ပိုပြီး မြန်မာဒုက္ခသည်တွေကို စခန်းတွေထဲက ကယ်ထုတ်သွားဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
စခန်းအတွင်းရှိ တခြားနိုင်ငံသား ဒုက္ခသည်များ လွတ်မြောက်ရေးအတွက် မလေးရှားရှိ သက်ဆိုင်ရာ မိခင်နိုင်ငံ သံရုံးများက စီစဉ်ပေးသော်လည်း မြန်မာဒုက္ခသည်များအတွက်မူ မြန်မာသံရုံးက စီစဉ်ပေးခြင်း မရှိသဖြင့် UNHCR တခုတည်းကိုသာ အားကိုးနေရသောကြောင့် UN အနေဖြင့် ယခုထက် ပိုမို၍ ကယ်ထုတ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
အစာငတ်ခံ ဆန္ဒပြသည့် မြန်မာများ၏ တောင်းဆိုချက်ကို လိုက်လျောသဖြင့် ကျေနပ်သော်လည်း စခန်းအတွင်း လူနေမှုဘဝ နိမ့်ကျနေဆဲဖြစ်ကြောင်း ဒုက္ခသည်များက ဆိုသည်။
“စခန်းထဲ ဝင်ကတည်းက အဝတ်တထည်ပဲ ပေးတယ်။ ကံကောင်းလွန်းမှ ၂ ထည်ရတယ်။ အိပ်ရာခင်း၊ စောင် ဘာမှ မပေးဘူး။ စောင်ခြံုချင်ရင် တထည်ကို ရင်းဂစ် ၈ဝ နဲ့ ဝယ်ရတယ်။ ကျနော်တို့ တဆောင်လုံး လူ ၃ဝဝ မှာ စောင်ဝယ်ခြံုနိုင်တာ ၃ဝ လောက်ပဲ ရှိတယ်။ ဆေးတောင်းရင်လည်း ပါရာစီတမောကို တပိုင်းပိုင်းပြီး ပေးတယ်။ နေမကောင်းရင် သေလုမြောပါးဖြစ်မှ ဆေးခန်းပို့တယ်။ ကျနော် ရောက်ပြီးတဲ့နောက် ဒီထဲမှာပဲ မြန်မာ ၃ ဦး သေသွားခဲ့ပြီ။ အနေအစား ဆင်းရဲတော့ ရောဂါဒဏ်ကို မခံနိုင်ဘူးလေ” ဟု မြန်မာဒုက္ခသည်တဦးက ပြောသည်။
အဆိုပါ လန်ဂျေးစခန်း၌ သောက်သုံးရေ ၄ ရက် ပြတ်လပ်ခဲ့သဖြင့် ယခုလ ၁၁ ရက်နေ့တွင် ဒုက္ခသည်များ ဆန္ဒပြခဲ့ကြသေးသည်။
စခန်းအတွင်း A ၊ B ၊ C ၊ D ဟူ၍ နှစ်ထပ်အဆောင် ၄ ဆောင် ရှိပြီး တဆောင်လျှင် ဒုက္ခသည် ဦးရေ ၃ဝဝ မှ ၆ဝဝ အတွင်း ထားရှိကာ တဆောင်အတွက် အိမ်သာ ၄ လုံးနှင့် အလျား ရ ပေ၊ အနံ ၂ ပေ ခွဲ၊ အမြင့် ၃ ပေရှိ သောက်သုံးရေကန်တကန် ပါရှိသည်။ အဆောင်တဆောင်လျှင် လူဦးရေ ၂ဝဝ ခန့်သာ ဝင်ဆန့်သော်လည်း အနည်းဆုံး ၃ဝဝ အထက် ထားရှိသည်။
မလေးရှားတွင် Lang Gang စခန်းကဲ့သို့ လဝက မှ ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း အနည်းဆုံး ၁ဝ ခု ရှိပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများ၊ ယင်းအမှုဖြင့် ထောင်မှ လွတ်မြောက်လာသူများနှင့် အခြား လဝက ဥပဒေနှင့် ငြိစွန်းသူများကို မိခင်နိုင်ငံသို့ ပြန်မပို့မီ ယခုစခန်းများတွင် ထားလေ့ရှိသည်။
မလေးရှားတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူ ၂ဝ၁၉ဝဝ ဦးအနက် မြန်မာ ၆၁၅ဝဝ ဦး ပါဝင်ပြီး ဒုက္ခသည် အသိအမှတ်ပြု နိုင်ငံများအနက် လူဦးရေ အများဆုံးဖြစ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် မလေးရှားရှိ UNHCR ရုံး၏ စာရင်းတွင် ဖော်ပြထားသည်။