နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း တာမွေမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုကျော်မျိုးနိုင်၊ ကိုညီညီအောင် (မုံရွာ)၊ ကိုနေမိုးအောင် (မုံရွာ)၊ ရခိုင်ကျောင်းသားလူငယ်များ အမှုတွဲမှ ကိုအောင်နိုင်မြင့်နှင့် ကိုအောင်နိုင်တို့က ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန် အပါအဝင် အကျဉ်းသား အခွင့်အရေးများကို ထောင်အာဏာပိုင်များထံ အစာငတ်ခံ တောင်းဆိုနေကြသည်။
“မနေ့ကစ ဆန္ဒပြတယ်။ ၂၅ ရက်နေ့အထိ ဆန္ဒပြမယ်လို့ သိရတယ်။ ... အကျဉ်းသား အခွင့်အရေးရဖို့ အစာငတ်ခံ ဆန္ဒပြတာပါ။ ဒီနေ့ အရှင်ဝိလာသဆိုတဲ့ သံဃာတပါး ထပ်တိုးတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
ထိုင်းနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B မှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်ကလည်း အင်းစိန်ထောင်၌ အကျဉ်းသား အခွင့်အရေးအတွက် ဆန္ဒပြနေကြောင်း ပြောသည်။
“ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတယ်။ ထောင်မှာ ကျွေးတဲ့ ထမင်းက ကြမ်းတယ်ဆိုတဲ့ ကိစ္စတွေကြောင့် အခုလို တောင်းဆိုချက်တွေ ဖြစ်လာတယ်။ အဲဒီလို တောင်းဆိုတဲ့အပေါ်မှာ အာဏာပိုင်တွေက ဖြိုခွဲတယ်ဆိုတဲ့ ကိစ္စတွေ ရှိပါတယ်။ အခုဟာကလည်း သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတာပါ။ တကယ် ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေကို တောင်းဆိုတာပါ။ အကျဉ်းထောင်တွေထဲမှာ ပြဋ္ဌာန်းထားတဲ့ အကျဉ်းသား တယောက် ရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတာ ဖြစ်တယ်” ဟု သူက ပြောသည်။
အကျဉ်းသားများကို ကောင်းမွန်သည့် အစားအသောက် ကျွေးှရန်၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိရန်၊ ထောင်ဖွင့်ချိန်တွင် အဆောင်ထဲ၌ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသားများကို ဘောပင်နှင့် စာရွက် အသုံးပြုခွင့်ပေးကာ စာပေရေးသား လေ့လာခွင့် ပြုရန်၊ သတင်းစာ အပါအဝင် စာအုပ်စာပေများ ဖတ်ရှုခွင့်ပြုရန် ၎င်းတို့က တောင်းဆိုနေကြခြင်း ဖြစ်သည်။
ဆန္ဒပြပွဲကို ဦးဆောင်နေသည့် ဦးညီပုသည် လေဖြတ်ဝေဒနာ ခံစားခဲ့ရဖူးကာ လက်ရှိ ကျန်းမာရေး အခြေအနေမှာလည်း စိုးရိမ်နေရကြောင်း ထောင်နှင့်နီးစပ်သူက ပြောဆိုသည်။
ဦးညီပုသည် စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း အခြားပုဂ္ဂိုလ် ၄ ဦးနှင့်အတူ လက်မှတ်ထိုးကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ၂ဝဝ၂ ခုနှစ် ဇူလိုင်လတွင် ပေးပို့ခဲ့ပြီးနောက် ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် စတင်ကျခံရခြင်း ဖြစ်သည်။
ကိုညီညီအောင် (မုံရွာ) နှင့် ကိုနေမိုးအောင် (မုံရွာ) တို့မှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးမှ ဒီမိုကရေစီသို့ ဆိုသည့် အဖွဲ့အစည်းတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ရသည်။
သူတို့က တောင်းဆိုထားသည့် အကျဉ်းသား အခွင့်အရေးများ မရမချင်း ဆက်လက်၍ ဆန္ဒပြသွားမည်ဟု သိရသည်။