၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကတည်းကရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တချို့၌ အသက် ၁၈ နှစ်ကျော် အစ္စလာမ် ဘာသာဝင်များကို လဝက က တအိမ်တက် တအိမ်ဆင်း ယာယီနိုင်ငံသား မှတ်ပုံတင်ကဒ်များ ပြုလုပ်ပေးနေကြောင်း သိရသည်။
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းများက ယခုလ ဒုတိယ ပတ်မှ စတင်၍ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ကာ ထိုသို့ အားချင်းပြုလုပ်ပေးနေခြင်း ဖြစ်သည်။
“မြို့နယ်အတွင်းမှာ သူ့အုပ်စုနဲ့သူ အဖွဲ့တွေခွဲပြီးတော့ အိမ်တိုင်းစေ့ သွားပါတယ်။ ပုံစံ ၁ဝ စစ်ဆေးတယ်။ လိုတိုးပိုလျှော့ လုပ်တယ်။ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မရသေးတဲ့ လူတွေကို မှတ်ပုံတင် လုပ်ပေးတယ်” ဟု ရသေ့တောင်မြို့မှ လဝက ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
မောင်တောမြို့နယ် တောင်ပြိုမြို့နေ မူဟာမက် မာဟာဘူး (MD, Mahabue) က “ကျနော့်မှတ်ပုံတင် အသစ်ကို ဒီလ ၁၉ ရက်နေ့ကမှ ရထားတာပါ။ မှတ်ပုံတင်ထဲမှာ ရေထားတာက ခေါင်းစဉ်မှာ ယာယီမှတ်ပုံတင်ကဒ်ပြား၊ လူမျိုးနေရာမှာကျတော့ ဘင်္ဂါလီ၊ ကိုးကွယ်သည့်ဘာသာနေရာမှာ အစ္စလာမ် အဲဒီလို ဖြည့်တယ်” ဟု ပြောသည်။
ယာယီ မှတ်ပုံတင်ကဒ်ပြားသည် အဖြူရောင် ဖြစ်သည်။ မှတ်ပုံတင်လုပ်လျှင် ကျပ် ၃ဝဝဝ မှ ၄ဝဝဝ ခန့်အထိ ကုန်ကျပြီး တပတ်ခန့်အတွင်း အပြီးလုပ်ပေးနေပြီး၊ ယာယီ နိုင်ငံသားကဒ် ဖြစ်သော်လည်း မည်သည့် အချိန်တွင် ဖျက်သိမ်းမည်ကို မသိရှိဘဲ ဖြစ်နေကြသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလည်း ယခုကဲ့သို့ ယာယီ မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယခုမှတ်ပုံတင်ဖြင့် မြို့နယ်ကျော်၍ သွားလာခွင့်မရှိကြောင်း မောင်တောမြို့မှ အမည်မဖော်လိုသူ ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီ - ရယက အဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။
ယာယီမှတ်ပုံတင် ပြုလုပ်ပေးနေသော မြို့နယ်များတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင် ရာခိုင်နှုန်းမှာ မောင်တောတွင် ၉ဝ % ၊ ဘူးသီးတောင်တွင် ရဝ % နှင့် ရသေ့တောင်တွင် ၂၅ % အထိ ရှိနေကြောင်း မောင်တောမြို့ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်) မှ ဝန်ထမ်းတဦးက ပြောသည်။