၂၀၀၉ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သည့် တန်ဖိုးသည် ၂၂ နှစ်နီးပါး ကာလအတွင်း ဆုံးရှုံးခဲ့သည့် စုစုပေါင်း တန်ဖိုးပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအထိ တနိုင်ငံလုံး မီးလောင်ကျွမ်းမှုကြောင့် ကျပ်ငွေ ၃၁ ဘီလျံကျော် (၃၁,၂၄၂,၅၇၅,၄၉၂ ကျပ်) ဆုံးရှုံးခဲ့သည့်အနက် ယမန်နှစ် တနှစ်ထဲတွင် ၁ဝ ဘီလျံနီးပါး (၉,၄ဝ၇,၅၅၈,၁၇ဝ ကျပ်) ရှိခဲ့ရာ မီးလောင်သည့် အကြိမ်အနည်းဆုံး ဖြစ်သော်လည်း အများဆုံး
ကုန်ဆုံးမှု ဖြစ်သည်။
တန်ဖိုးများပြားရခြင်းမှာ မီးလောင်မှုသမိုင်းတွင် စံချိန်တင် လောင်ကျွမ်းမှုဖြစ်သည့် MWDC အရက်ချက်စက်ရုံ မီးလောင်မှုကြောင့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
"၂ဝဝ၉ ခုနှစ် တနှစ်လုံး မီးလောင်ဆုံးရှုံးမှု ပမာဏရဲ့ ၉၅ ရာခိုင်နှုန်းက MWDC အရက်ချက်စက်ရုံမီးပါပဲ။ ဆုံးရှုံးမှုတန်ဖိုး တရားဝင်ခန့်မှန်းချက်မှာ ကျပ်သန်းပေါင်း ၉ဝ၂၅ လို့ တွက်ချက်ထားပါတယ်။ အဆောက်အဦးနဲ့ ပစ္စည်းတွေ အားလုံးပေါင်း တန်ဖိုးပါ" ဟု သူက ပြောသည်။
ပြည်တွင်းထုတ် Grand Royal ဝီစကီချက်လုပ်ရာ MWDC အရက်ချက်စက်ရုံတွင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က လောင်ကျွမ်းခဲ့သော မီးကြောင့် အမေရိကန်ဒေါ်လာ ရ သန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း အဆိုပါ အရက်ချက်စက်ရုံကို ပိုင်ဆိုင်သည့် IBTC ကုမ္ပဏီက အတည်ပြုခဲ့ပြီး ဖြစ်သည်။
၂၂ နှစ်နီးပါးကာလအတွင်း မြန်မာတနိုင်ငံလုံးတွင် မီးလောင်မှုပေါင်း ၂၃၇၃ဝ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့မှုက ထက်ဝက်ကျော်ဖြစ်ပြီး ၁၂၇၅ဝ ကြိမ် ရှိသည်ဟု မီးသတ်က ယူဆသည်။
ဆုံးရှုံးမှုတန်ဖိုး ဒုတိယအများဆုံးကတော့ ၂ဝဝ၁ ခုနှစ်ဖြစ်ပြီး ကျပ်သန်းပေါင်း (၄၈၃ဝ)၊ ၂ဝဝ၈ ခုနှစ်သည်
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၃၉၄၅) သန်းဖြင့် တတိယလိုက်သည်။
အခင်းဖြစ်ချိန် ကာလတန်ကြေးကို ခန့်မှန်းတွက်ချက်ခြင်းဖြစ်သော်လည်း မီးသတ်တပ်ဖွဲ့၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးများသည် အမှန်တကယ် ဆုံးရှုံးသည့် တန်ဖိုးနှင့် ကွဲပြားမှုများ ရှိနေနိုင်ကြောင်း မီးသတ်ဌာန အရာရှိတဦးက ပြောသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဝေဖန်တာမျိုးတွေ ခဏခဏကြံုရပါတယ်။ ရုံးလုပ်ငန်းအနေနဲ့ ခန့်မှန်းရတာဖြစ်လို့ တကယ်ဆုံးရှုံးတဲ့ တန်ဖိုးနဲ့ ကွာနေတာတွေ ရှိပါတယ်။ ဌာနဆိုင်ရာ အဆောက်အဦးတွေနဲ့ အာမခံလုပ်ငန်းနဲ့ ပတ်သက်တဲ့ မီးလောင်မှုမျိုးတွေမှာတော့ ညှိနှိုင်းပေးရတာမျိုး ရှိပါတယ်" ဟု မီးသတ်အရာရှိက မဇ္စျိမကို ပြောသည်။
သို့သော် ငွေကြေးဖောင်းပွမှု အလွန်အမင်းများပြားသည့် အချက်ကလည်း ထည့်သွင်း စဉ်းစားစရာ ဖြစ်သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု နှုန်းက အချို့နှစ်များတွင် ၅ဝ ရာခိုင်နှုန်းကျော်အထိ ရှိသည်။
၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ၁၁ နှစ်အတွင်း နှစ်စဉ် မီးလောင်မှု အရေအတွက် ထောင်ဂဏန်း အထက်တွင် ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် အကြိမ်အရေအတွက် ၁၃ဝဝ ကျော် ရှိခဲ့သော်လည်း ၁၉၉၉ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အကြား ၁၁ နှစ်တာကာလတွင်မူ နှစ်စဉ် မီးလောင်ကျွမ်းမှု လျော့နည်းလာခဲ့ပြီး ပျမ်းမျှအားဖြင့် အကြိမ် ၈၄ဝ ခန့်သာ ရှိကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ အရာရှိက ဆိုသည်။
"၉၉ ခုနှစ် နောက်ပိုင်း နှစ်တွေမှာ မီးလောင်မှုအကြိမ် ထောင်ဂဏန်းကျော်တဲ့ နှစ် မရှိတော့ပါဘူး။ အဓိကက မီးလောင်တဲ့နေရာမှာ မီးသတ်ကား ဝင်ထွက်နိုင်တဲ့ အနေအထားမရှိရင် ကျနော်တို့က မီးကိုထိန်းချုပ်ဖို့ အခက်အခဲ ရှိမယ်။ မီးလောင်တာ မြင်နေရက်နဲ့ မီးသတ်ကား ဝင်မရတာကြောင့် မီးကို မထိန်းနိုင်တာမျိုး၊
ဥပမာ- လှိုင်မီးဘေးတုန်းကလိုပေါ့။ အခုနောက်ပိုင်းနှစ်တွေမှာ ဒါမျိုးတွေ တော်တော်လေး လျော့သွားပါတယ်"ဟု သူက ဆိုသည်။
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းကာလများတွင် မီးလောင်သည့် အကြိမ်အရေအတွက်ကို လျှော့ချနိုင်ခဲ့သော်လည်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အနေအထား လျော့နည်းသွားအောင် ထိန်းချုပ်ရန် ခက်ခဲနေသေးကြောင်း အဆိုပါ မီးသတ်အရာရှိက ပြောဆိုသည်။
"အဲတာက ကျနော် စောစောက ပြောတာနဲ့ ပတ်သက်တယ်။ လူဦးရေ သိပ်သည်းတဲ့ နေရာမှာဖြစ်ရင် ကိုင်တွယ်ရတာ ခက်ခဲတယ်။ တနိုင်ငံလုံးမှာ မီးလောင်မှု အဖြစ်အများဆုံးက ရန်ကုန်မြို့ပါ။ ရန်ကုန်က လူနေ အထူထပ်ဆုံးပဲလေ။ ၁၉၈၈ ခုနှစ်ကတည်းက စာရင်းတွေအရမှာ တနိုင်ငံလုံးရဲ့ ၃၆ ရာခိုင်နှုန်းက
ရန်ကုန်တိုင်းမှာ ဖြစ်တာပါ။ ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးက ရန်ကုန်ရဲ့ ထက်ဝက်လောက်ရှိတယ်။ မီးသတ်ကား အရောက်သွားနိုင်တဲ့ နေရာတွေမှာတော့ ကျနော်တို့ မီးသတ်တပ်ဖွဲ့အနေနဲ့ ထိန်းချုပ်နိုင်ခဲ့တာ များပါတယ်" ဟု သူက ပြောသည်။
မီးသတ်ဦးစီးဌာန၏ တရားဝင် စာရင်းဇယားများတွင် ၁၉၈၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ မီးလောင်မှုကြောင့် သေဆုံးသူ ၉၅၆ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၅၇၅ ဦးရှိ၍ အိမ်ခြေပေါင်း ၁၅၈,၈၂၂ ဆုံးရှုံးကာ လူဦးရေ ရ၃၉,၂၁၈ ဦး မီးဘေးဒုက္ခသည် စာရင််းဝင်ခဲ့သည်။