CDMA 450 ကို ကျပ် ၅ သိန်းဖြင့် ငှားရမ်းမည်

CDMA 450 ကို ကျပ် ၅ သိန်းဖြင့် ငှားရမ်းမည်
by -
မင်းသက်
ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသော CDMA 450 မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးက ကျပ် ၅ သိန်းဖြင့် တိုင်းနှင့် ပြည်နယ် ၉  ခုတွင် ယခုလမှစတင်၍ ငှားရမ်းသုံးစွဲခွင့် ပြုမည်ဟု...

ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသော CDMA 450 မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးက ကျပ် ၅ သိန်းဖြင့် တိုင်းနှင့် ပြည်နယ် ၉  ခုတွင် ယခုလမှစတင်၍ ငှားရမ်းသုံးစွဲခွင့် ပြုမည်ဟု သိရသည်။

ပြည်နယ်များနှင့် တိုင်းများ၏ သက်ဆိုင်ရာ မြို့နယ်ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားနိုင်ပြီး ဖုန်းတွင် အသုံးပြုမည့် ကဒ်ကို အီလိုက်တက် ကုမ္ပဏီက ထုတ်ပေးသွားမည်ဟု သိရခြင်း ဖြစ်သည်။

''ဖုန်းကို မြန်မာ့ဆက်သွယ်ရေးမှာ လျှောက်ရတယ်။ ဖုန်းရမ်လို့ အကြောင်းကြားစာ ရတဲ့အခါ ငွေ ၅ သိန်းကို ဘဏ်မှာ သွင်းရတယ်။ အစိုးရက ဖုန်းကို ငှားရမ်းသုံးစွဲတယ်လို့ပဲ ဖုန်းလျှောက်လွှာမှာ ရေးထားပေးတယ်။ ဆက်သွယ်ရေး အသုံးအနှုန်းကိုက ငှားရမ်းတာလို့ပဲ သုံးတာပါ'' ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝါရင့်ဝန်ထမ်းတဦးက ပြောသည်။

ဖုန်းငှားရမ်းသုံးစွဲခွင့်ပြုမည့် တိုင်း/ပြည်နယ်များမှာ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီနှင့် ပဲခူးတိုင်း (အရှေ့)၊ ရှမ်း (တောင်ပိုင်း)၊ ကချင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့ ဖြစ်သည်။

CDMA 450 ဖုန်းများသည် ကြိုတင်ငွေဖြည့်ကဒ်ကို အသုံးပြုရမည့် ဖုန်းအမျိုးအစားဖြစ်ကာ၊ ယင်းကဒ်များ ရောင်းချခွင့်ရသည့် ကုမ္ပဏီမှာ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် အီလိုက်တက် ကုမ္ပဏီက အမျိုးအစား ၄ မျိုး ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် FEC 20 တန်၊ FEC 50 တန်ကဒ်၊ ကျပ် ၁ သောင်း၊ ကျပ် ၃ သောင်းတန်ကဒ် ဟူ၍ ဖြစ်သည်။

ထို့ပြင် CDMA 450 ၄၅ဝ မဂ္ဂါဟဇ် hand set ဖြင့် သာ အသုံးပြု၍ရကြောင်းနှင့် hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ တသိန်းကျော်တန်အထိ ရှိကြောင်း သိရသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ကျပ် ၅ဝ ဖြစ်ပြီး၊ မည်သည့်နိုင်ငံသို့ ခေါ်ဆိုစေ တမိနစ်လျှင် 1 FEC သို့မဟုတ် ဒေါ်လာ (0.90) ဖြစ်ကာ၊ ၎င်းဖုန်းများ၏ နံပါတ်မှာ 09-4 ဖြင့် စတင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု ခေါ်သည့်အတိုင်း ကမ်းရိုးတန်းဒေသများတွင် ဖုန်းလိုင်းဆွဲအား ပိုမိုကောင်းမွန်ကြောင်း ရခိုင်ပြည်နယ် သံတွဲမြို့မှ ဒေသခံတဦးက ဆိုသည်။

''ကျနော် ရန်ကုန်ကို သွားတဲ့အခါ ကျနော့်ကမ်းရိုးတန်းဖုန်း (0986 ..) ကို ယူသွားတတ်ပါတယ်။ ရန်ကုန်မှာလည်း ဖုန်းကို သုံးလို့ရတယ်။ ကျနော်တို့ သံတွဲမှာလိုတော့ သိပ်ပြောလို့ မကောင်းဘူး။ ပြောလို့မရတာတော့ မဟုတ်ဘူး။ ဒါလေးတော့ ကွာတယ်။ သိပ်အဆိုးကြီး မဟုတ်ဘူး'' သူက ပြောသည်။

ရန်ကုန်တွင် GSM တယ်လီဖုန်း တလုံးလျှင် စစ်အစိုးရထံမှ ၁၅ သိန်း ၅ သောင်းနှင့် ငှားရမ်းအသုံးပြုရပြီး လွန်ခဲ့သော ၅ နှစ်ခန့်က ၎င်းဖုန်းများ၏ ပြင်ပပေါက်စျေးမှာ ၂၅ သိန်းနှင့် သိန်း ၃ဝ ကြား ရှိခဲ့ရာမှ ယခုအခါ ၁၃ သိန်းနှင့်  ၁၄ သိန်းကြား အရောင်းအဝယ် ပြုလုပ်နေကြသည်။

''မကြာခင်က တလုံးကို ၅ သိန်းနဲ့ CDMA 800 မဂ္ဂါဟဇ်ဖန်းကို ရန်ကုန်၊ မန္တလေးမှာ ချပေးခဲ့တယ်။ အဲဒီ ဖုန်းက မြို့နယ်တခုထဲ ပြောနိုင်တဲ့ ဖုန်း။ ဂဏန်း ၁ဝ လုံး ပါတယ်။ 01730 ... နံပါတ်တွေ။ ဒီဖုန်းတွေက အခု မြို့နယ် တခုမက ကျော်ပြောနိုင်လို့၊ ဖရီကွန်စီ လိုင်းဆွဲအားကောင်းလို့ လူကြိုက်များလာတယ်၊ လျှောက်သူများတယ်။ မလျှောက်ဘဲ ဝယ်သုံးသူတွေအတွက် အပြင်မှာ အမည်ပေါက် တလုံးကို ၆ သိန်း ၂ သောင်းထိ စျေးရှိတယ်။  ဒါ့ကြောင့် GSM တွေ စျေးကျတာပါ။ ဆက်ကျဖို့ အလားအလာ ရှိတယ်'' ဟု ဖုန်းဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

လက်ရှိတွင် မြို့နယ်ဖုန်းများ (ကြိုးဖုန်း ခေါ် လိုင်းဖုန်း) ၊ GSM ၊ CDMA (ခြင်းဖုန်း) ၊ ဆယ်လူလာ ၊ မကြာခင်က အသုံးပြုခွင့်ရသော CDMA 800 မဂ္ဂါဟဇ်နှင့် တခါသုံး FEC ၂ဝ တန် ဖုန်းဒ် အသုံးပြုရသော GSM များ စုစုပေါင်း အလုံးရေ ၂ သိန်းခန့် ရောင်းချပြီးဖြစ်ကြောင်းနှင့် FEC ၅ဝ တန် ကဒ်သုံး  ကမ်းရိုးတန်းသုံး CDMA ဖုန်း ရှိကြောင်း  ဖုန်းကဒ် အရောင်းကိုယ်စားလှယ် တဦးထံမှ သိရသည်။

''GSM ၊ WCDMA မိုဘိုင်းဖုန်းတွေက အရင်ကထက် သုံးတဲ့သူ ပိုများလာတယ်။ အခု  ဆယ်လူလာဖုန်းက အပြင်ပေါက်စျေး (ကျပ်) ၁ဝ သိန်းလောက်ပဲ ရှိတယ်။ အဲဒီဖုန်းက နံပါတ်ပွားရတာ လွယ်ကူတာရယ်၊ hand set  ရှားတာရယ်ကြောင့် လူကြိုက်နည်းတယ်'' ဟု ဖုန်း အသုံးပြုသူတဦးက ပြောသည်။

GSM ဖုန်းများကို  တိုင်း/ပြည်နယ်များရှိ မြို့ကြီး ၄၉ မြို့တွင်လည်းကောင်း၊ CDMA ဆက်သွယ်ရေးစနစ်ကို မြို့ပေါင်း ၆၇ မြို့တွင်လည်းကောင်း၊ WCDMA မိုဘိုင်းစနစ်ကို GSM အသုံးပြုနိုင်သော မြို့များနှင့် တိုင်းများတွင် အသုံးပြုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တခါသုံးဖုန်းကဒ်လိုင်းများ မပါဝင်ဘဲ မိုဘိုင်းဖုန်းများ၊  အော်တိုတယ်လီဖုန်း (လိုင်းဖုန်း၊ ကြိုးဖုန်း) များ၏ ဖုန်းလိုင်းပေါင်းမှာ ရ သိန်းခွဲနီးပါး ရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် ထုတ်ပြန်ထားသည်။

Most read this week