A (H1N1) ရှိသူ ၅၁ ဦး ထပ်တွေ့ဟု WHO ပြော

A (H1N1) ရှိသူ ၅၁ ဦး ထပ်တွေ့ဟု WHO ပြော
by -
ဆလိုင်း ဟံသာစန်း
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ ပတ်အတွင်း A (H1N1) ပိုးရှိသူ ၅၁ ဦး တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO ရုံးခွဲက....

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ ပတ်အတွင်း A (H1N1) ပိုးရှိသူ ၅၁ ဦး တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO ရုံးခွဲက ပြောသည်။

ယခုလ ၂ ရက်နေ့မှ ယနေ့အထိ WHO က လက်ခံရရှိသော စာရင်းများအရ ၅၁ ဦးတွင် A (H1N1) ပိုး တွေ့ရှိခဲ့ပြီး အများစုမှာ ရန်ကုန်တိုင်းရှိ ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံတို့တွင် ကုသမှုခံယူနေရသည်။

“ဒီရောဂါက ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး မဖြစ်တော့ဘူး။ အခုလ ၂ ရက်နေ့က ပြန်တွေ့တယ်။ ဘာကြောင့် အခုလို တကျော့ပြန် ပြန်ဖြစ်လာတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး” ဟု WHO အရာရှိတဦးက ပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ကျေးရွာတခုတွင် A (H1N1) ပိုးရှိသူ ၄ ဦးကို ယခုလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဆက်လက်တွေ့ရှိကြောင်း ယခုလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာက ဆိုသည်။

စစ်ဆေးကြည့်မှသာ ရောဂါရှိမည်ကို သိနိုင်သဖြင့် ကူးစက်နေမှုများ ရှိနေနိုင်ပြီး A (H1N1) ပိုးရှိသူများ ထပ်တွေ့လာနိုင်ကြောင်း WHO အရာရှိက ပြောဆိုသည်။

“ရောဂါက ဘယ်လိုတွေပျံ့နေမလဲ ကျနော်တို့ မသိနိုင်ဘူး။ ဒါကြောင့် ပိုးရှိတဲ့သူတွေ ထပ်တွေ့ လာနိုင်သေးတယ်။ အခုထက်ထိ ထောက်လှမ်းစစ်ဆေးတဲ့ အလုပ်တွေ ဆက်လုပ်နေဆဲပါပဲ” ဟု သူက ပြောသည်။

၂ဝဝ၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသည့် ၁၃ နှစ်အရွယ် ကျောင်းသူ တဦးထံမှ A (H1N1) ပိုးကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။

အမေရိကားတိုက် မက္ကဆီကိုနိုင်ငံတွင် ၂ဝဝ၉ ခုနှစ် ဧပြီလအတွင်းက ဝက်များတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ ကူးစက်ခဲ့သည့်  A (H1N1) (ထိုစဉ်က ဝက်တုပ်ကွေး) ရောဂါသည် ကမ္ဘာ့ဒေသ အနှံ့အပြားသို့ ပျံ့နှံ့ကူးစက်ခဲ့ပြီးနောက် ဇွန်လအတွင်း WHO က ကမ္ဘာ့ကပ်ရောဂါ (အမြင့်ဆုံး အဆင့်) အဖြစ် သတ်မှတ်ခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။