အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂ဝ၁ဝ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပြုရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က လျှောက်ထားကြောင်း သိရသည်။
AFC ဥက္ကဋ္ဌ ဖလား ဝင်ရောက်ခွင့်ရသည့် ရတနာပုံအသင်းက အိမ်ရှင်အဖြစ် ကျင်းပလိုကြောင်း MFF သို့ ပြောဆိုပြီးနောက် MFF က AFC သို့ ပြီးခဲ့သည့် ရက်သတ္တပတ်ထဲတွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ AFC ကို ပြီးခဲ့တဲ့ အပတ်ထဲက အကြောင်းကြားထားပါတယ်။ ဧပြီလလောက်မှာ ခွင့်ပြုမပြု အကြောင်းပြန်ကြားပါမယ်” ဟု MFF မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
AFC မှ ရတနာပုံအသင်းအား ဥက္ကဋ္ဌဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိမရှိနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုခြင်း ရှိမရှိကို ယခုလဆန်းပိုင်းတွင် မေးမြန်းခဲ့ပြီး ၁၂ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် ပြောဆိုခဲ့ပြီးနောက် ရတနာပုံက လက်ခံကျင်းပလိုသဖြင့် MFF သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အိမ်ရှင်အဖြစ်လက်ခံရန် အဝတ်လဲခန်း ၂ ခန်းမှ ၄ ခန်းပါသော ကစားကွင်း ၂ ကွင်း၊ လေ့ကျင့်ရေးကွင်း ၄ ကွင်းနှင့် AFC တာဝန်ရှိသူများ၊ ဧည့်သည်အသင်းများ တည်းခိုရန် နေရာများကိုလည်း တင်ပြရမည်ဟု ပါရှိသည်။
“ကျနော်တို့ ရန်ကုန်က သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်းကို တင်ပြထားတယ်။ ဟိုတယ်ကတော့ Goal ဟိုတယ်ကို စီစဉ်ထားတယ်။ မန္တလေးအတွက်က အဆင်မပြေဘူး။ သူတို့တောင်းဆိုထားတဲ့ အချက်တွေ မပြည့်မီဘူး” ဟု MFF တာဝန်ရှိသူက ဆိုသည်။
၂ဝဝ၉ ခုနှစ် AFC ဥက္ကဋ္ဌဖလား ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို နီပေါ၊ ဘင်္ဂလားဒေ့ချ်နှင့် ကာဂျစ္စတန်နိုင်ငံများတွင် ကျင်းပခဲ့ပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို တာဂျစ္စတန် နိုင်ငံတွင် ကျင်းပခဲ့သည်။ လက်ရှိချန်ပီယံမှာ ၂ နှစ်ဆက် ဗိုလ်စွဲထားသည့် တာဂျစ္စတန်ကလပ် ရီဂါတပ် အေဇက် ဖြစ်သည်။
ရတနာပုံအသင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အမှတ်ပေးစနစ်ဖြင့် စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် MNL တွင် ဗိုလ်စွဲခဲ့သဖြင့် ယခုနှစ် မေလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် AFC ဥက္ကဋ္ဌဖလား ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ရတနာပုံ၏ အမှုဆောင်အရာရှိချုပ် ဦးဟံမင်းထွန်းက “အဲဒီဖလားကို နိုင်ငံဂုဏ်သိက္ခာအတွက် ကျနော်တို့ ရအောင်ယူမယ်လို့ ခံယူထားပါတယ်။ မြန်မာပြည် အနေအထားက ကျင်းပနိုင်တယ်လို့ ထင်တယ်။ လုပ်ဖြစ်ရင် နိုင်ငံဂုဏ်ရှိတာပေါ့” ဟု ပြောသည်။
AFC ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ (AFC President’s Cup 2010) ကို အာရှ ဘောလုံးအဖွဲ့ချုပ်က ၂ဝဝ၅ ခုနှစ်မှ စတင်၍ နိုင်ငံ ၈ နိုင်ငံရှိ အမှတ်ပေး ပြိုင်ပွဲများမှ ပထမ (သို့) ဒုတိယရသည့် ကလပ်အသင်း တသင်းစီ ဖိတ်ခေါ်ကာ ယှဉ်ပြိုင်ကျင်းပစေခဲ့သည်။
၂ဝဝ၈ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ချ်နှင့် တာမီနစ္စတန် စသည့် နိုင်ငံ ၃ နိုင်ငံမှ ကလပ်အသင်းများကို တိုးချဲ့ဖိတ်ခေါ်ခဲ့သည်။ ၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇ အသင်းသည် AFC ဥက္ကဋ္ဌ ဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။