ဒေါ်စုအမှု ကိစ္စ ကွင်တားနား မေးမြန်း

ဒေါ်စုအမှု ကိစ္စ ကွင်တားနား မေးမြန်း
by -
စိုင်းဇွမ်ဆိုင်း
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားသည် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းထံမှ...

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားသည် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းထံမှ သိရသည်။

သူမ၏ ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် ကုလ အထူးသံတို့ ရန်ကုန်မြို့ရှိ မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့ မွန်းလွဲ ၃ နာရီမှ ၄နာရီထိ တနာရီကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“သူကပဲ ကျနော်တို့ကို မေးတာပါပဲ။ ကျနော်တို့က ရှင်းပြရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အရေးယူ အပြစ်ပေးထားတာတွေ။ ကျနော်တို့ ဘက်က ပြင်ဆင်မှုတို့ အယူခံမှုတို့နဲ့ ပတ်သက်ပြီး  လူ့အခွင့်အရေး ရှုထောင့်က သူလေ့လာတာပါပဲ” ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံတွင် ရှေ့နေလိုက်ခွင့်၊ တရားစီရင်ရေးဆိုင်ရာ အချက်အလက်များကိုလည်း မေးမြန်းသွားသည်။

ကုလသမဂ္ဂ အထူးသံသည် မြန်မာနိုင်ငံသို့ ယနေ့နံနက်တွင် ရောက်ရှိခဲ့ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ရုံးမှ တာဝန်ရှိသူများ၊ သံတမန်အဖွဲ့ဝင်များ၊ တရားသူကြီး ဦးသောင်းညွန့်တို့နှင့်လည်း ယနေ့ တွေ့ဆုံခဲ့ကြောင်း ရန်ကုန် ကုလရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

မစ္စတာ ကွင်တားနားသည် မနက်ဖြန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်သို့ ၂ ရက်ကြာ ထွက်ခွာမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး တောင်းဆိုထားမှုနှင့် ပတ်သက်၍ ရန်ကုန် ကုလရုံး ပြောခွင့်ရှိသူက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ဆိုတာက ကျနော်တို့ မသိသေးပါဘူးခင်ဗျာ။ မစ္စတာ ကွင်တားနား တောင်းဆိုထားတာပဲ ရှိပါသေးတယ်။ ဘာမှ တိတိကျကျ ဖြေလို့မရသေးပါဘူး ခင်ဗျာ” ဟု မဇ္စျိမကို ပြောသည်။

မစ္စတာ ကွင်တားနားသည် ရန်ကုန်မြို့ရှိ သံရုံးများမှ သံတမန်အချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗြိတိန် သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းရေးမှူး Ms. Jones က ပြောသည်။

“မစ္စတာ ကွင်တားနားဟာ ဗြိတိန်သံအမတ်ကြီးနဲ့ မတွေ့ရသေးပါဘူး။ သူ့ခရီးစဉ်ကနေ ပြန်ရောက်ပြီး ဘန်ကောက်ကို ပြန်မသွားခင်တော့ တွေ့ဖို့ရှိပါတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ တိတိကျကျ အတည်ပြုချက်တခုကို စောင့်ရဦးမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

“သူနဲ့ တွေ့ရရင်တော့ မနှစ်က သူတောင်းဆိုထားတဲ့ အချက်လေးချက်နဲ့ ပတ်သက်ပြီး ကျမတို့ ဆွေးနွေးဖြစ်ကြပါလိမ့်မယ်” ဟု Ms. Jones ကပင် ဆက်ပြောသည်။

မစ္စတာ ကွင်တားနားသည် မြန်မာစစ်အစိုးရအား အခြေခံ လူ့အခွင့်အရေးများကို ကန့်သတ်ထားသည့် ပြည်တွင်း ဥပဒေများကို ပြန်သုံးသပ်ရန်၊ ရွေးကောက်ပွဲ မတိုင်မီ ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ စစ်တပ်အတွင်းတွင် လူ့အခွင့်အရေး အသိပညာပေးရန်၊ လွတ်လပ်သော တရားစီရင်မှုစနစ် ကျင့်သုံးရန် စသည့် အချက် ၄ ချက်ကို ယမန်နှစ်က တောင်းဆိုထားသည်။

သူသည် ယခု ခရီးစဉ်မှ ရရှိလာမည့် အချက်အလက်များအပေါ် အခြေခံ၍ လာမည့်လတွင် ကုလသို့ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။