ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားသည် လာမည့် သီတင်းပတ်တွင်း သူ၏ ခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့ သွားလိုကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေး ဌာနထံမှ သိရသည်။
မစ္စတာ ကွင်တားနားသည် ယခုလ ၁၅-၁၉ နေ့အထိ မြန်မာနိုင်ငံတွင် ရောက်ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ပြောသည်။
“သူစိတ်ဝင်စားနေတာက ရခိုင်ဘက်ပေါ့နော်။ ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကိုတော့ နေပြည်တော်မှာ သွားတွေ့ရမှာပေါ့” ဟု ရန်ကုန်ရှိ ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာန တာဝန်ခံတဦးက မဇ္စျိမကို ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူ့အခွင့်အရေး အခြေအနေများကို သိရှိနိုင်ရန်အတွက် ယင်းဒေသသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း နယူးယောက် ကုလသမဂ္ဂဌာနချုပ်ကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း စီမံကိန်းတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများသည် မစ္စတာကွင်တားနားအတွက် ဦးစားပေးများ ဖြစ်သင့်ကြောင်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် ရွှေဂတ်စ်အဖွဲ့မှ တာဝန်ခံတဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ စီမံကိန်းများ၏ လုံခြံုရေးအတွက် နအဖ စစ်တပ်အင်အားတိုးချဲ့လာပြီး ဒေသခံများထံမှ မြေယာသိမ်းယူမှု၊ အတင်းအဓ္ဓမ ခိုင်းစေမှု၊ ရွှေ့ပြောင်းမှုများနှင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မစ္စတာကွင်တားနား ဒေသခံများအနေဖြင့် ချိုးဖောက်ခံနေရသည့် အခွင့်အရေးများနှင့် ပတ်သက်၍ “မကြောက်မရွံ့” တင်ပြခွင့်ရရန် အရေးကြီးကြောင်း ရွှေဂတ်စ်အဖွဲ့မှ ကိုဝင်းအောင်က ပြောပြသည်။
သူ၏ ယခု ခရီးစဉ်သည် တတိယကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက် ရယူနိုင်ရန် အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့်လည်း တွေ့ဆုံလိုကြောင်း သူက ထုတ်ဖော် ပြောဆိုထားသည်။
သို့သော် အန်အယ်ဒီသို့ ယခုအချိန်ထိ တစုံတရာ အကြောင်းကြားခြင်း မရှိသေးကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင်ထံမှ သိရသည်။
မစ္စတာ ကွင်တားနားအား ၂၀၀၈ ခု မေလအတွင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံ အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် နာဂစ်အပြီး တကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တကြိမ်် သွားရောက်ခဲ့သည်။
ကုလအထူးသံသည် အခြေခံ လူ့အခွင့်အရေးများကို ကန့်သတ်ထားသည့် ပြည်တွင်း ဥပဒေများကို ပြန်သုံးသပ်ရန်၊ ရွေးကောက်ပွဲ မတိုင်မီ ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ စစ်တပ်အတွင်းတွင် လူ့အခွင့်အရေး အသိပညာပေးရန်၊ လွတ်လပ်သော တရားစီရင်မှုစနစ် ကျင့်သုံးရန် စသည့် အချက် ၄ ချက်ကို ဖြည့်ဆည်းပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။
ယင်းတောင်းဆိုချက်များကို စစ်အစိုးရက မည်မျှ လိုက်လျော အကောင်အထည်ဖော်မှု ရှိမရှိကိုလည်း ယခုခရီးစဉ်အတွင်း လေ့လာသွားမည် ဖြစ်သည်။
ခရီးစဉ်မှ ရရှိလာမည့် အချက်အလက်များအပေါ် အခြေခံ၍ လာမည့် မတ်လတွင် ကုလသို့ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။