ရွေးကောက်ပွဲဝင်ရေး မဆုံးဖြတ်သေးဟု ဒေါ်စု ပြော

ရွေးကောက်ပွဲဝင်ရေး မဆုံးဖြတ်သေးဟု ဒေါ်စု ပြော
by -
မြင့်မောင်
သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ မထုတ်ပြန်သေးသမျှ ဝင်ရောက် ယှဉ်ပြိုင်ရေး မဆုံးဖြတ်နိုင်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က...

သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ မထုတ်ပြန်သေးသမျှ ဝင်ရောက် ယှဉ်ပြိုင်ရေး မဆုံးဖြတ်နိုင်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယမန်နေ့က သူမနှင့် သွားရောက် တွေ့ဆုံသူများကို ပြောကြားလိုက်ခြင်းဖြစ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်လည်း လိုအပ်သည်ဟု သူမက မီးမောင်းထိုးပြလိုက်သည်။

'ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို အခုချိန်မှာ ဘယ်လိုမှ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေ သိရှိဖို့ အချက်တွေက အများကြီးပဲ။ အဲဒါတွေ ဘာမှ မသိရသေးခင်မှာ ဘယ်လိုမှ ဆုံးဖြတ်ဖို့ မဖြစ်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရနှင့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ် ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်း၊ အိမ်ပြင်ဆင်ရေး လွှဲအပ်ခံထားရသည့် ဦးထင်ကျော်တို့နှင့် သူမ၏ နေအိမ်တွင် ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခဲ့့သည်။

''ဘယ်ရွေးကောက်ပွဲမဆို သတင်း ရယူခွင့်၊ သတင်းလွတ်လပ်ခွင့်၊ သတင်းထုတ်ပြန်ခွင့် ရှိဖို့လိုတယ်။ ဒါတွေ မရှိရင်တော့ ဘယ်လို ရွေးကောက်ပွဲမှ တရားမျှတမှာ မဟုတ်ဘူးလို့ ဒီလိုပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အခြေခံ အကျဆုံးဖြစ်သည့် လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ စုရုံံးခွင့်၊ ဖွဲ့စည်းခွင့် အစရှိသည့် အချက်များ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ''ရွေးကောက်ပွဲ စည်းမျဉ်းတွေကလည်း မထွက်လာသေးတဲ့အတွက် ဒေါ်စုက ဒီလောက်ပဲ ပြောနိုင်မှာပဲ။ ဒါ့ထက်လည်း ပြောဖို့မလိုဘူးပေါ့။ ပြောဖို့ အချိန်ရောက်လာရင် ဒေါ်စုအနေနဲ့ တိကျပြတ်သားတဲ့ စကားတွေ ပြောလာနိုင်တယ်လို့ ထင်ပါတယ်'' ဟု ပြောသည်။

ဦးဝင်းတင်က ''ဒေါ်စုပြောတဲ့ အချက်တွေက အလွန်အရေးကြီးတယ်။ ရွေးကောက်ပွဲအတွက် အဓိက လိုအပ်ချက် ဖြစ်တယ်။ နိုင်ငံရေး လိုအပ်ချက် ဖြစ်တယ်။ ဒေါ်စုပြောတာ ဘာလဲဆိုတော့ ရွေးကောက်ပွဲ တရပ််ရဲ့ ပြည့်ဝတဲ့ ဂုဏ်အင်္ဂါတွေ ပေါ်ပေါက်လာဖို့အတွက် တောင်းဆိုသင့်တာ တောင်းဆိုရမယ်၊ ရပ်တည်သင့်တာ ရပ်တည်ရမယ်ဆိုတဲ့ အချက်ဖြစ်တယ်'' ဟု ပြောသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျင်းပသွားမည့် ရွေးကောက်ပွဲဖြစ်ပါက ဒီမိုကရေစီ စနစ်ဆီသို့ ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်ကတည်းက ပြောဆိုခဲ့ဖူးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

လိမ်ညာမှုများ၊ သတင်း အမှောင်ချမှုများဖြင့် ပြည့်နှက်နေခဲ့သော အခြေခံ ဥပဒေ အတည်ပြုရေးကို အတင်းအကျပ် လုပ်ဆောင်ပြီးနောက် စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာထားစဉ် အတိုက်အခံ အင်အားစုများက အခြေခံ ဥပဒေ ပြင်ဆင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုရန် တောင်းဆိုထားသည်။

Most read this week