မေခ-မေလိခ မြစ်ဆုံရေကာတာ စီမံကိန်းအတွက် အနီးဝန်းကျင်ရှိ ကျေးရွာ ၆၀ ခန့် ပြောင်းရွှေ့ရန် အာဏာပိုင်များက ပြင်ဆင်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက ပြောသည်။
ရွာသားပေါင်း တသောင်းကျော် ပြောင်းရွှေ့နေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် နေအိမ်တန်းလျားများကို အေးရှားဝေါလ် ကုမ္ပဏီက ဆောက်လုပ်နေကြောင်းနှင့် မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ကျေးရွာများကို ညွှန်ကြားထားကြောင်း ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် KDNG က ဆိုသည်။
“အိမ်ဆောက်နေတာ အလုံး ၁၀၀ နီးပါး ပြီးသွားပြီလို့ သိရတယ်။ ဒေသခံတွေကိုလည်း မကြာခင်မှာ ရွှေ့ပြောင်းရမယ်လို့့ နအဖက အကြောင်းကြားထားပြီးပြီ” ဟု KDNG ဥက္ကဋ္ဌ ကိုအောင်ဝါက မဇ္စျိမကို ပြောသည်။
စီမံကိန်းအတွက် အေးရှားဝေါလ်က ၂၀၀၉ ဒီဇင်ဘာ အစောပိုင်းတွင် အလုပ်သမား အိမ်ရာများ ဆောက်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့ နေထိုင်ရန်အတွက် မြစ်ကြီးနားမြို့အထက် မိုင် ၂၀ ကျော်အကွာရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်နေခြင်း ဖြစ်သည်။
အဆိုပါ ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် ရေကာတာစီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
ထို့ပြင် တရုတ် လျှပ်စစ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် ပူးတွဲတာဝန်ယူသည့် အေးရှားဝေါလ်က တန်ဖဲရွာအနီး အင်ခိုင်လွမ် တောင်ကြောတွင် ကွန်ကရစ် လမ်းများ၊ မြစ်ကြီးနားအထက် ၁၃ မိုင် အကွာရှိ အုဗြစ်ရွာအနီးတွင် အကြီးစား ဘိလပ်မြေဖျော်စက်များလည်း တည်ဆောက်နေသည်။
ရေကာတာ တည်ဆောက်ရေးအတွက် တရုတ်နှစ်သစ်ကူး နောက်ပိုင်း တရုတ်နိုင်ငံမှ ကျွမ်းကျင် လုပ်သားများ၊ အင်ဂျင်နီယာများ ထောင်နှင့်ချီ၍ ရောက်ရှိလာဖွယ်ရှိကြောင်း ကိုအောင်ဝါက ခန့်မှန်း ပြောဆိုသည်။
“ဒီစီမံကိန်းက ဒေသခံလူထုတွေ ဒုက္ခရောက်တယ်၊ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးတယ်။ တာကျိုးရင် ရေလွှမ်းခံရမယ့် အန္တရာယ်ကလည်း ရှိသေးတယ်။ ပျက်စီးမယ့် ပမာဏက အရမ်းကြောက်ဖို့ ကောင်းတယ်” ဟု သူက ဆက်ပြောသည်။
ရေကာတာကျိုးပါက အောက်ဘက် ၂၇ မိုင်ခန့်အကွာရှိ မြစ်ကြီးနားမြို့သာမက မြစ်ဆုံနှင့် မြစ်ကြီးနားအကြား ရွာ ၂၀ ခန့် ရေလွှမ်းခံရနိုင်ကြောင်း ရေကာတာ တည်ဆောက်ရေး ဆန့်ကျင်လှုပ်ရှားသူများက ခန့်မှန်းသည်။
ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကချင် လွတ်မြောက်ရေး အဖွဲ့ -KIO အပါအဝင် ပြည်ပရောက် ကချင်များက ဆန့်ကျင်လျက်ရှိသည်။
“မြစ်ဆုံရေကာတာက ကျနော်တို့ ဟိုးလွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက ကန့်ကွက်ခဲ့တာပါ။ ကြာပါပြီ။ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို ဗဟိုကော်မတီက စာတွေလည်း ပို့ခဲ့ပါတယ်။ အခုလည်း ကန့်ကွက်ဆဲပါ” ဟု KIO မှ ဒေသဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။
ထို့ပြင် ယခုလ ၅ ရက်နေ့က ကျရောက်ခဲ့သည့် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် နိုင်ငံတကာရောက် ကချင်များက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ယခုစီမံကိန်းမှ ရေအားလျှပ်စစ် ၃၆၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မေခမြစ်တွင် တာ ၅ ခုနှင့် မလိခမြစ်တွင် တာ ၂ ခုဖြင့် ရေပိတ်ကာ လျှပ်စစ်ဓာတ် ထုတ်ယူမည်။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် CPI ကော်ပိုရေးရှင်းတို့သည် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ရ ခုကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားရန် သဘောတူညီထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃,၃၆ဝ မီဂါဝပ်ရရှိရန် မျှော်လင့်ထားကြောင်း ၂၀၀၇ ခုနှစ် မေလထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကျန် စီမံကိန်း ၆ ခုမှာ ချီဗွေ (၂ဝဝဝ မီဂါဝပ်)၊ ပါရှီး (၁၆ဝဝ)၊ လာကင် (၁၄ဝဝ)၊ ဖီဇော (၁၅ဝဝ)၊ ခေါင်ဂလန်ဖူ (၁၇ဝဝ)နှင့် လိုင်ဇာ (၁၅၆ဝ) တို့ ဖြစ်သည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ဒုတိယ အကြီးဆုံးမှာ ရှမ်းပြည်နယ်ရှိ ရ၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် ကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာတဝှမ်း ဆည်ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း ၄ဝ မှ ၈ဝ အထိ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရကြောင်း ကမ္ဘာ့ဆည်များ ကော်မရှင် (World Commission on Dams) အဖွဲ့က ခန့်မှန်း တွက်ချက်ထားသည်။
ဟိမဝန္တာတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးကြီးဆုံး ကူးသန်း ရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်ကာ ၁၄၅ဝ မိုင်ခန့် ရှည်လျားသည်။ မြစ်အတွင်း မျိုးတုန်း ပျောက်ကွယ်လုနီးဖြစ်နေသည့် ဧရာဝတီလင်းပိုင်များ ကျက်စားသည်။