ချင်းပြည်နယ်တွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိ

ချင်းပြည်နယ်တွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိ
by -
မြင့်မောင်
ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လဲလက်ကျေးရွာ၌ A (H1N1) ခေါ် ကမ္ဘာ့ လူတုပ်ကွေး ရောဂါပိုးရှိသူ ၄ ဦးရှိကြောင်း နေပြည်တော်က ယခုလ ၅ ရက်နေ့တွင်...

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လဲလက်ကျေးရွာ၌ A (H1N1) ခေါ် ကမ္ဘာ့ လူတုပ်ကွေး ရောဂါပိုးရှိသူ ၄ ဦးရှိကြောင်း နေပြည်တော်က ယခုလ ၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဖလမ်းမြို့နယ်အတွင်း ရွာငယ်လေးဖြစ်သည့် လဲလက်၌ လူဦးရေ ၈ဝ ခန့် နာမကျန်းဖြစ်နေသဖြင့် ထိုအထဲမှ A (H1N1) ပိုးရှိသူများအဖြစ် ယူဆရသူ ၅ ဦးကို နေပြည်တော်သို့ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် ၄ ဦးကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဖျားနေတဲ့ လူ ၈ဝ ထဲက မသင်္ကာတဲ့ ၅ ယောက်ကို လည်ပင်းကနေ သွေးဖောက်ပြီး နေပြည်တော်မှာ ပို့ပြီး စစ်ဆေးတယ်။  နေပြည်တော်က ပြီးခဲ့တဲ့ သောကြာနေ့ အဖြေထွက်လာတော့  မလားလ်နုန် ဆေးအောင်တယ်။ ကျန် ၄ ယောက်က H1N1 ရောဂါ တွေ့ရှိတယ်” ဟု အမည်မဖော်လိုသူ ဖလမ်း ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး ''ဇန်နဝါရီလ ၂၆ ရက်နေ့က စဖြစ်တယ်။ ကလေး ၆ဝ လောက် ဖျားပြီး၊ ၁၂ ယောက်က အပြင်းအထန် ဖျားတယ်။ သတင်းကြားလို့ ကလေးအထူးကု ဆရာဝန် ဒေါက်တာခင်လှဝင်းနဲ့ အဖွဲ့ လာပြီး ၂၇ ရက်နေ့မှာ လူကြီးနဲ့ ကလေး အားလုံးပေါင်း ၈ဝ ဖျားတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

မောင်ဗန်ဘွဲ့လျံ၊ မထောင်းနိုင်၊ မလားလ် သင်ပါရ်းနှင့် မောင်ရှမ်းမန်တို့တွင် A (H1N1) ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို နေအိမ်တွင် ထားရှိပြီး ကျန်းမာရေးလုပ်သားများက ဆေးဝါးကုသပေးခဲ့ရာ ၃ ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီဖြစ်ကာ၊ ကျန်တဦးကို ဆက်လက်ကုသနေသည်။

ယနေ့တွင် ချင်းပြည်နယ် ကျန်းမာရေးမှူးတဦးဖြစ်သူ ဒေါက်တာဇော်ဋ္ဌေးသည် A (H1N1) ဆေးဝါးများနှင့် အတူ တီးဘွာလ်တိုက်နယ် ဆေးရုံသို့ ရောက်ရှိလာကာ နေပြည်တော်နှင့် ဆက်သွယ် လုပ်ဆောင် သွားမည်ဟု သိရသည်။ လဲလက်ရွာတွင် ဆေးခန်းတခုသာရှိပြီး တီးဘွာလ်ရွာ တိုက်နယ်ဆေးရုံနှင့် ၁ဝ ကီလိုမီတာခန့် ကွာဝေးသည်။

စတင်ဖြစ်ပွားစဉ်က ဖလမ်းမြို့နယ် ကျန်းမာရေးအရာရှိ၊ ကျန်းမာရေးမှူး၊ ကျန်းမာရေး ဆရာမ၊ ကလေး အထူးကု ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်တဦးနှင့် ဟားခါးမြို့မှ ဒေါက်တာတိုးအောင်တို့ လဲလက်ရွာသို့ သွားရောက်စစ်ဆေးခဲ့သည်။

သွားရောက်စစ်ဆေးခဲ့သည့် ၎င်းကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်မဆင်းသေးဘဲ ၁ဝ ရက် အနားယူခိုင်းကာ ဖလမ်းဆေးရုံက စောင့်ကြည့်နေသည်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တွင် ကလေးငယ် ၈ ဦးကို  A (H1N1) ပိုး တွေ့ရှိခဲ့ရပြီး လူနာများကို ဝေဘာဂီ အထူးကု ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ချင်းပြည်နယ်တွင်းရှိ ကျေးရွာငယ်တရွာတွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လူနာများနှင့် အနီးကပ် ထိတွေ့မှုရှိသူ  ရ၃ ဦးကိုလည်း ကျန်းမာရေး ဝန်ထမ်းများက အနီးကပ် စောင့်ကြည့်နေသည်ဟု မြန်မာ့အလင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ရာမှ ယခုနှစ်အတွင်း ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။