ကျောင်းမတက်နိုင်သော ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာသင်ကြားရေးကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နှင့် ပညာရေးဝန်ကြီးဌာနတို့က မြို့နယ် ၁၂ မြို့နယ်တွင် လုပ်ဆောင်လျှက်ရှိသည်။
ယင်းပူးတွဲအစီစဉ်ကို ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် ပဲခူး၊ ပြည်၊ ကျိုက်ထို၊ စစ်တွေ၊ ပုသိမ်၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ သပိတ်ကျင်း၊ ပေါက် တို့တွင် အကောင်အထည် ဖော်နေပြီး ၂ နှစ် ကြာမည် ဖြစ်သည်။
“ကလေးတွေကို (အချက်အလက်) ကောက်လိုက်ပြီးတော့မှ အဲဒီကလေးတွေထဲကနေ ကျမတို့စီမှာ ဘယ်နှစ်ယောက်လောက် ဝင်လဲ စုလိုက်တာပေါ့။ သူတို့ အဆင်ပြေမယ့် အချိန်တွေမှာ ကျွန်မတို့ ကျောင်းဖွင့်ပေးပါတယ်” ဟု အခြေခံ ပညာရေးဦးစီးဌာန အရာရှိက မဇ္ဈိမကို ပြောသည်။
ကျောင်းပြင်ပ အစီအစဉ်မှ အောင်မြင်သော ကလေးငယ်များကို အစိုးရကျောင်းများတွင် အလယ်တန်းပညာ ဆက်လက်သင်ယူခွင့် ပြုမှာဖြစ်သည်။
မြန်မာနိုင်ငံတွင် စာတတ်မြောက်သူ ဦးရေ ၈၈ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသော်လည်း မူလတန်းအဆင့် တပိုင်းတဆဖြင့် ကျောင်းထွက်သွားသူ အနည်းဆုံး ၅၅ ရခိုင်နှုန်း ရှိသည်ဟု UNICEF အစီရင်ခံစာ တခုက ဖော်ပြထားသည်။
ဆင်းရဲချို့တဲ့သည့် ကလေးငယ်များ ပပျောက်ရန် ရည်ရွယ်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များလည်း သင်ကြားသွားမည်ဖြစ်ကြောင်းလည်း UNICEF အရာရှိတဦးထံမှ သိရသည်။
သီးသန့်သင်ရိုးသုံးမည်ဖြစ်ပြီး အသက် ၁၀-၁၄ နှစ်အရွယ် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း တဝက်တပျက်ဖြင့် မိဘများကို ကူနေရသည့် ကလေးများကို ရည်ရွယ်သည်။
အဆင့် နှစ်ဆင့် ခွဲထားကာ ၃ တန်း အောက်ကို အဆင့် ၁၊ ၃ တန်းနှင့် ၄ တန်းကို အဆင့် ၂ သတ်မှတ်ထားသည်ဟု ပညာရေးဦးစီးဌာနက မဇ္ဈိမကို ပြောသည်။
အဆင့် ၁ တွင် သင်တန်းသားဦးရေ ၁၃၇၈ ဦးရှိ၍ အဆင့် ၂ တွင် ၉၅၈ ဦး၊ ဆရာဦးရေ ၁၉၄ ဦး၊ ကြီးကြပ်သူ ၂၀ ဦး ရှိပါပြီး ပံ့ပိုးသူ ၆၂၉ ဦး လျာထားကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းပညာရေး အစီအစဉ်တခုမှ တာဝန်ရှိသူ ဆရာဦးသိန်းဝင်းကမူ စစ်အစိုးရ အနေဖြင့် ကလေးများ ကျောင်းထွက်ရသည့် အကြောင်းရင်းကိုလည်း လေ့လာရန် လိုအပ်သည်ဟု သုံးသပ်သည်။
“ကလေးတွေ ကျောင်းမထွက်အောင် နိုင်ငံတော်က ဘာတွေ ဖြည့်ဆည်းပေးမှာလဲ။ ဘယ်လိုအရေးယူ ဆောင်ရွက်ပေးမလဲဆိုတဲ့ အပိုင်းက ပိုပြီးတော့ အရေးကြီးတယ်” ဟု သူက မဇ္စျိမကို ပြောသည်။