ဦးသန့်ဇရပ် ပြုပြင်ရာတွင် မြန်မာ့သံဃာတော်များ မပါဝင်စေလို

ဦးသန့်ဇရပ် ပြုပြင်ရာတွင် မြန်မာ့သံဃာတော်များ မပါဝင်စေလို
by -
မြင့်မောင်
နီပေါနိုင်ငံ လုမ္ဗနီရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဇရပ်ကို  ပြန်လည်ပြုပြင်မှုတွင်  မြန်မာသံဃာတော်များ မပါဝင်ရန် မြန်မာအာဏာပိုင် များက တားမြစ်နေကြောင်း...

နီပေါနိုင်ငံ လုမ္ဗနီရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဇရပ်ကို  ပြန်လည်ပြုပြင်မှုတွင်  မြန်မာသံဃာတော်များ မပါဝင်ရန် မြန်မာအာဏာပိုင် များက တားမြစ်နေကြောင်း သိရသည်။

ဂေါပကအဖွဲ့က ဦးသန့် ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ကို စာကြည့်တိုက်နှင့် ပြတိုက်အဖွဲ့အဖြစ် မွမ်းမံမည့် အစီအစဉ်တွင် မြန်မာ သံဃာတော်နှစ်ပါးက ပူးပေါင်း ပါဝင်လိုသော်လည်း မြို့တော် ခတ္တမန်ဒူရှိ မြန်မာသံရုံးက ပိတ်ပင်ထားသည်။

“အဆောက်အဦးက ပြိုကျတော့မယ့် အခြေအနေမှာ ရှိနေတယ်။ အဲဒီအတွက် လုမ္ဗနီက မြန်မာဘုန်းကြီးတွေနဲ့ တိုင်ပင်ခဲ့တယ်။ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာကို ခတ္တမန်ဒူး (နီပေါမြို့တော်) မှာ ရှိတဲ့ မြန်မာသံရုံးက ကြားလို့ မနေ့က လာဆူတယ်လို့ ပြောတယ်” ဟု ဇရပ်ပြုပြင်ရေးတွင် ဦးဆောင်နေသည့် နီပေါ ဆရာတော် ဒီခရူဆာကရက်ထန်းမားက မဇ္စျိမကို မိန့်တော်မူသည်။

ဦးသန့်ဇရပ်တွင်ပင် သီတင်းသုံးနေသည့် ဆရာတော်က ဆက်ပြီး “မြန်မာသံရုံးအနေနဲ့ ဒီလိုကိစ္စတွေမှာ ဘုန်းကြီးတွေ ပါဝင် ပတ်သက်နေတာကို မလိုလားဘူး။ သူတို့ရဲ့ အမြင်မှာ ဦးသန့်ရဲ့ ပင်ကိုစရိုက်ကို ဒီမိုကရက်တစ်တယောက်အဖြစ် မြင်နေတဲ့အတွက် ရိုသေလေးစားမှု မရှိဘူး။ မြန်မာစစ်အစိုးရ လက်အောက်မှာ ရှိနေတဲ့ ဦးသန့်နဲ့ သက်ဆိုင်တဲ့ ကိစ္စမှန်သမျှ မဖော်ပြစေချင်ဘူး” ဟု မိန့်ဆိုသည်။

ဗုဒ္ဓမြတ်စွာဖွားမြင်ရာ လုမ္ဗနီရှိ မြန်မာနိုင်ငံ သာသနာရေး ဦးစီးဋ္ဌာနက ဖွင့်လှစ်ထားသော မြန်မာရွှေကျောင်းတော်တွင် သတင်းသုံးနေသည့် သံဃာတော်တပါးကလည်း  အာဏာပိုင်များက ထိုကိစ္စနှင့်ပတ်သက်၍ မည်သူ့ကိုမှ မပြောဆိုရန် ပိတ်ပင်ထားသည်ဟု မဇ္ဈိမကို ပြောသည်။

မည်သည့်အကြောင်းကြောင့် ဘုန်းတော်ကြီးများကို ဇရပ်ဆောက်လုပ်မှုတွင် မပါဝင်စေလိုသည်ကို သဲကွဲစွာ မသိရသလို၊ မြန်မာသံရုံးကိုလည်း ဆက်သွယ်၍ မရနိုင်ဘဲ ရှိနေသည်။

သို့သော်လည်း ပြုပြင်မွမ်းမံရေး အစီအစဉ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု နီပေါဆရာတော်က မိန့်ဆိုသည်။

ဇရပ်ခေါင်မိုးများ ပျက်စီးနေသဖြင့် ဖာထေးသွားရန်နှင့် မျက်နှာစာပိုင်းတွင် စာကြည့်တိုက်၊ သတင်းအချက်အလက်များ ရယူနိုင်သည့် နေရာ၊ ထမင်းစားဆောင်နှင့် သံဃာများ တည်းခိုနိုင်ရေးအတွက် အဆောင် ၂ ဆောင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဦးသန့်သည် ကုလအကြီးအကဲအဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့သည်။

ထိုစဉ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက နိုင်ငံတော် စျာပနအဖြစ် ဦးသန့် ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခြင်း မပြုဘဲ ကန်တော်မင် ပန်းခြံတွင် မြှုပ်နှံမည့် အစီအစဉ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လက်မခံဘဲ ကျောင်းသား သမဂ္ဂရင်ပြင်၌ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဂူသွင်းကာ သင်္ဂြိုဟ်ခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဦးသန့်ရုပ်ကလာပ်ကို ကာကွယ်နေသည့် ကျောင်းသားနှင့် ပြည်သူများကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သလို၊ မြှုပ်နှံရာ အုတ်ဂူကို မြေတူးစက်များဖြင့် ဖြိုဖျက်တူးဖော်ကာ ထိုနေ့တွင်းချင်းပင် ကန်တော်မင်သို့ သယ်ဆောင်ကာ မြှုပ်ခဲ့သည်။

Most read this week