သတင်းရပ်ကွက်များ အဆိုအရနှင့် မီဒီယာ သတင်းပေးပို့ချက်များအရ မြန်မာ့ အမျိုးသား လေကြောင်းလိုင်းဖြစ်သော မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (MAI) ၏အစု ရှယ်ယာ ၈ဝ% ကို ပုဂ္ဂလိက ကုမ္ပဏီဖြစ်သော ကမ္ဘောဇဘဏ် (KBZ) သို့ ရောင်းချလိုက်ပြီး စီမံခန့်ခွဲရေး လုပ်ငန်းများကိုလည်း လွှဲပြောင်းပေးလိုက်သည်ဟု သိရသည်။
အစုရှယ်ယာ ၈ဝ% ပို်င်ဆိုင်ထားသော ကမ္ဘောဇဘဏ်သည် MAI ၏ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကိုလွှဲပြောင်းရယူခဲ့သည်ဟု သိရှိရပြီး MAI ကမူ အစုရှယ်ယာ ၂ဝ% ပို်င်ဆိုင်သူအဖြစ်ဆက်လက် ရှိနေဆဲဖြစ်သည်။
အမ်အေအိုင်၏အစုရှယ်ယာများကို ကမ္ဘောဇဘဏ်ပိုင်ဆိုင်သူနှင့်စီးပါွးရေးလုပ်ငန်းရှင်ကြီးတဦးဖြစ် သူ ဦးအောင်ကိုဝင်းက ဝယ်ယူခဲ့ကြောင်းသူ့မိတ်ဆွေများက သူ့ကိုပြောပြခဲ့သည်ဟု အမ်အေအိုင် လေကြောင်းလိုင်းမှ အရာရှိများနှင့် အကျွမ်းတဝင်ရှိသူ မြန်မာ့မြို့ပြ လေကြောင်းဦးစီးဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
အစုရှယ်ယာ ၈ဝ% ကိုဝယ်ယူခဲ့ပြီးနောက် ကမ္ဘောဇဘဏ်သည် အမ်အေအိုင်၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး လုပ်ငန်းများကို လွှဲပြောင်းရယူခဲ့သည်ဟု ရန်ကုန်မြို့ရှိ အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ် သော ‘7 Days Journal’ က လည်းအလားတူ ဗုဒ္ဓဟူးနေ့က သတင်းရေးသားဖော်ပြခဲ့သည်။
သို့သော် မဇ္ဈိမ က ဆက်သွယ်မေးမြန်းရာတွင်မူ အမ်အေအိုင် လေကြောင်းလိုင်း၏ စျေးကွက်နှင့် ကူးသန်းရောင်းဝယ်ရေး အမှုဆောင်အရာရှိ က `ကျနော်တို့ဘာမှ သတင်း ထုတ်ပြန်ကြေငြာချက် မထုတ်ရသေးပါဘူး။ ဒါကြောင့်ဒီကိစ္စကိုဘာမှပြောလို့မရပါဘူး´ ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
အလားတူပင် ရန်ကုန်ရှိ ကမ္ဘောဇဘဏ် အရာရှိတဦးကလည်း ဤကိစ္စကို သူတို့ဘာမှမသိရှိသေး ကြောင်းဖြေကြားခဲ့ပြီး လောလောဆယ်တွင်လည်း ဖြေကြားနိုင်မည့် အကြီးတန်း အရာရှိများမရှိသေးကြောင်း ပြောကြားခဲ့သည်။
အမ်အေအိုင်ကို ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ့လေကြောင်းနှင့် စင်္ကာပူကုမ္ပဏီတခုဖြစ်သော Region Air (HK) Ltd. တို့ဖက်စပ်အဖြစ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာ့လေကြောင်းက ၅၁% နှင့် စင်္ကာပူကုမ္ပဏီက ၄၉% အသီးသီး အစုရှယ်ယာများပိုင်ဆိုင်ကြသည်။
အမ်အေအိုင်သည် မြန်မာနိုင်ငံရှိအကြီးဆုံးနိုင်ငံတကာလေကြောင်းလိုင်းတခုဖြစ်ပြီး နိုင်ငံတကာ လေကြောင်း လုံခြံုမှုစံချိန်စံညွှန်းများကိုပြည့်မီခြင်းမရှိသောကြောင့် ၂၀၀၈ ခုနှစ်ဇူလိုင်လနှောင်းပိုင်း ကခရီးစဉ်များရပ်ဆိုင်းခဲ့ရသေးသည်။
ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို မြန်မာစစ်အစိုးရ၏ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု သိရှိထားကြပြီး မြန်မာနိုင်ငံတွင် စီးပွါးရေးလုပ်ငန်းကြီးများ လုပ်ကိုင်ရန် အထူးခွင့်ပြုချက်များရရှိသည့် စီးပွါးရေးသမားအနည်းငယ်အနက် တဦးလဲ ဖြစ်သည်။
ကမ္ဘောဇဘဏ်၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်မှာ ဦးအောင်ကိုဝင်း၏ မွေးစားသားလဲဖြစ် သည်။
အာဏာပိုင်များက ဦးဇော်ဝင်းနိုင်ကို မူးယစ်ဆေးဝါးလုပ်ငန်းများနှင့်ဆက်နွယ်သည်ဟု သံသယဖြစ် ကာ ထိန်းသိမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သေးကြောင်း ရန်ကုန်မြို့ခံများအတွင်း ၂၀၀၈ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းက ကောလဟလ သတင်းများထွက်ပေါ်ခဲ့သေးသည်။ သို့သော်အဆိုပါသတင်းများကို သီးခြား လွတ်လပ်သော အတည်ပြုချက်များမရရှိခဲ့ပါ။
သို့သော်အဆိုပါနှစ် နှောင်းပိုင်းတွင် ရန်ကုန်ကမာရွတ်မြို့နယ်ရှိ ကမ္ဘောဇဘဏ် ရုံးချုပ်ကို အာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကိုလည်း ရှာဖွေခဲ့သေးကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူများက မဇ္ဈိမကို ပြောပြသည်။
လောလောဆယ်တွင် ကမ္ဘောဇဘဏ်၌ နိုင်ငံတဝှမ်းဘဏ်ခွဲပေါင်း ၂၃ ခုရှိကာ ကချင်ပြည်နယ်ဖားကန့် ကျောက်စိမ်းတွင်းနှင့် ရှမ်းပြည်နယ် မိုင်းရှူးတို့တွင် စီးပွါးရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင် လျက်ရှိသည်။ ဤနယ်မြေနှစ်ခုစလုံးမှာ မြန်မာနိုင်ငံတွင် အဘိုးတန်ကျောက်စိမ်းနှင့်ကျောက်မျက် ရတနာများထွက်ရှိရာ ရတနာနယ်မြေများအဖြစ် ကျော်ကြားသည်။