ဘူးသီးတောင်တွင် စံပြရွာ ၅ ရွာ ထပ်မံတည်ဆောက်

ဘူးသီးတောင်တွင် စံပြရွာ ၅ ရွာ ထပ်မံတည်ဆောက်
by -
ငြိမ်းချမ်း
ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံတဝှမ်း အိုးအိမ်မဲ့များကို နေရာချထားရန် အတွက် အိမ်ခြေ ၅၀၀ ကျော် တည်ရှိမည့် စံပြကျေးရွာသစ် ၅ ရွာကို တည်ဆောက်လျက် ရှိကြောင်း...

ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံတဝှမ်း အိုးအိမ်မဲ့များကို နေရာချထားရန် အတွက် အိမ်ခြေ ၅၀၀ ကျော် တည်ရှိမည့် စံပြကျေးရွာသစ် ၅ ရွာကို တည်ဆောက်လျက် ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (နတလ) မှ ဘူးသီးတောင်မြို့နယ် အတွင်း ၁၀ မိုင်ခန့် ဝေးကွာသော ဖုံညိုလိပ်နှင့် ငွေတောင် ကျေးရွာအကြားတွင် စံပြရွာသစ် ၅ ရွာကို ပြီးခဲ့သည့် လကုန်မှစတင်၍ ဧပြီလအတွင်း အပြီးသတ် ဆောက်လုပ်သွားမည်ဟု မြို့နယ်ကောင်စီ သတင်း ရပ်ကွက် အဆိုအရ သိရခြင်း ဖြစ်သည်။

“အိမ်ခြေ ၁၀၀ ကျော်စီ ပါဝင်တဲ့ စံပြရွာ ၅ ရွာကို ဒီနှစ်ပထမ လေးလပတ်မှာ အပြီးဆောက်လုပ်နေချထားဖို့ အစီအစဉ်နဲ့ လုပ်နေတာပါ။ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ အနယ်နယ်အရပ်ရပ်က မိသားစုတွေကို နေရာ ချထားပေးမှာပါ” ဟု ဘူးသီးတောင်မြို့မှ အမည်မဖော်လိုသူ မယက ရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံများက နတလကျေးရွာဟုသာ ခေါ်ဆိုကြသည့် ယခုအသစ်ဆောက်လုပ်နေသည့် စံပြကျေးရွာများကို ရွာအမည်များ ရွေးချယ်သတ်မှတ်ခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။

စံပြရွာများတွင် ဘင်္ဂလားဒေ့ချ်မှ မြန်မာဘက်သို့ ပြောင်းရွှေ့နေထိုင်လိုသည့် ရခိုင်မိသားစုများ၊ ထောင်/တပ်ထွက် မိသားစုများ၊ အလင်းဝင်လာသည့် ရခိုင်လက်နက်ကိုင် မိသားစုများနှင့် မြန်မာပြည်အလယ်ပိုင်း ဒေသများမှ တောင်းရမ်းစားသောက်နေရသည့် မိသားစုများသာ ရောက်ရှိလာလေ့ရှိကြောင်း မောင်တောမြို့ လေးမိုင်ရပ်ကွက်နေ ကိုစိုးသာမောင်က ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ  နှစ်သိန်းနီးပါးရှိမည်ဟု ခန့်မှန်းရပြီး  ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ် ဘာသာဝင် ဆတူနီးပါး ရှိသည်။

ပြောင်းရွှေ့လာသူများကို နေအိမ်နှင့် ချက်ပြုတ်စားသောက်ရန် အိုးခွက်ပုဂံများ၊ လယ်တဧက၊ နွားတကောင်၊ တမိုးစာ စပါး ထောက်ပံ့ပေးကြောင်းနှင့် လယ်မလုပ်လိုသူ မိသားစုကိုမူ ဆိုက္ကားနှင့် လယ်ထွန်စက် (အသေးစား) များ ထောက်ပံံ့ပေးမည်ဟု မယက သူက ဆိုသည်။

ထောက်ပံ့သည့် ပစ္စည်းများကို နတလ စံပြရွာသို့ ရောက်လာသူတိုင်း နေအိမ်နှင့် ဝင်းခြံသာ ရရှိကြောင်းနှင့် အပြည့်အစုံ ရရှိလိုပါက သက်ဆိုင်ရာ နစက နယ်မြေမှူး (သို့မဟုတ်) ရယက ဥက္ကဋ္ဌ (သို့မဟုတ်) စစ်တပ်အရာရှိများကို လာဒ်ငွေ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ပေးရကြောင်း မောင်တောမြို့နယ် ဥဒေါင်း နတလ စံပြကျေးရွာတွင် လက်ရှိနေထိုင်နေသူ ကိုဒုံးစိန်မောင်က မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း နတလစံပြရွာများကို ၂၀၀၁ ခုနှစ်ကတည်းက စတင်တည်ဆောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုမြို့နယ်များအတွင်း အင်းကြင်းမြိုင်၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ သုခမြိုင်၊ သရဖီ၊ ဂန်ဒမာ၊ ခတီးလှ၊ ကျောက်စာတိုင်၊ မောင်နှမ၊ ကျောက်လုံးကြီး၊ အူတောင်၊ အောင်မင်္ဂလာ၊ မြင်းလွတ်၊ ဝါးခွတ်ချောင်း၊ ဝေသာလီ၊ ခမောင်းဆိပ်၊ မင်္ဂလာညွန့်၊ တောင်ပြို-ဝဲ (စံပြရွာ)၊ တောင်ပြို-ယာ (စံပြရွာ)၊ သရီကုန်ဘောင်၊ အင်းဒင်၊ အောင်စစ်ပြင်၊ ပြားသား၊ ဓညဝတီ၊ ကျီးကန်းပြင် စသည့် စံပြရွာများ အပါအဝင် ရွာပေါင်း ၄၀ ကျော်တွင် အိမ်ခြေပေါင်း ၂၅၀၀ ကျော် နေရာချထားပေးပြီးဖြစ်သည်။