ကိုညီညီအောင်အမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

ကိုညီညီအောင်အမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း
by -
ဖနိဒါ
အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် အမှုနှင့်ပတ်သက်၍ ယနေ့ အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း လာမည့်လ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း...

အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် အမှုနှင့်ပတ်သက်၍ ယနေ့ အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း လာမည့်လ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုညီညီအောင် (၄၀ နှစ်) ၏ အမှုကို အသေးစိတ်လေ့လာရန် လိုအပ်သေးသဖြင့် အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးညိုထွန်းက ယမန်တပတ် ထပ်ပေးလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ အမိန့်မချဖြစ်ပါဘူး။ ရမန်ပြန်ပေးတယ်။ (မနက်) ၁၀ နာရီမှာ စပါတယ်။ ၁၀ နာရီ ၁ မိနစ်မှာ ပြီးသွားပါတယ်။ တရားသူကြီး ပြောတာက ညီညီအောင်အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာဖို့ လိုအပ်နေသေးလို့လို့ ပြောပါတယ်” ဟု ကိုညီညီအောင်၏ ရှေ့နေဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ရုံးချိန်းသို့ ရန်ကုန်ရှိ အမေရိကန် ကောင်စစ်ဝင် အပါအဝင် နှစ်ဦး တက်ရောက်နားထောင်ခဲ့သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း၍ အာဏာသိမ်းပြီး နောက်ပိုင်း တောခိုခဲ့ကာ၊ ထိုမှတဆင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က  ထိုင်းနိုင်ငံ ဘန်ကောက်မှတဆင့် ပြန်လာစဉ် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံရသည်။

သူ့အား ရန်ကုန်၌ နေထိုင်ခဲ့စဉ်က နေရပ်လိပ်စာပြောင်းခြင်း၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခြင်းတို့အား သတင်းမပို့သဖြင့်ဟု ဆိုကာ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ ၆ (၃)၊ ဆိုက်ကားသမားတဦး၏ မှတ်ပုံတင်၌ ဓာတ်ပုံပြောင်းလဲကပ်၍ မှတ်ပုံတင်အတု ကိုင်ဆောင်သည်ဟု စွပ်စွဲ၍ ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) တို့ဖြင့် တရားစွဲထားကြောင်း သိရသည်။

ယင်းစွပ်စွဲချက်များသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် မကိုက်ညီကြောင်း ယခုလ ၂၂ ရက်နေ့က လျှောက်လဲချက် ပေးခဲ့သည်ဟု ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

ကိုညီညီအောင်အား တရားခွင်သို့ လက်ထိပ်ခတ် ခေါ်ဆောင်လာလေ့ရှိသည်ကို ဥပဒေနှင့် မညီကြောင်း သူ၏ ရှေ့နေများက ယခင်ကတည်းက တရားရုံးသို့ လျှောက်လဲခဲ့သော်လည်း ယနေ့ထိ လက်ထိပ်ခတ်၍ ရုံးထုတ်နေဆဲဖြစ်သည်။

သူ၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦးလည်း ယနေ့ ရုံးချိန်းသို့ တက်ရောက် ကြားနာခွင့် မရကြပေ။ ထို့ပြင် ယခုလ ၁၈ ရက်နေ့က ထောင်ဝင်စာသွားတွေ့စဉ်ကလည်း တွေ့ဆုံခွင့် မရခဲ့ပေ။

ယခုလ ၁၂ ရက်နေ့မှစတင်၍ ကိုညီညီအောင်ကို ချုပ်ထားသည့်အခန်းအား တာလပတ်ဖြင့် ပတ်ပတ်လည် ကာရံထားခဲ့ကြောင်း သိရသည်။

ကိုညီညီအောင်၏ မိခင်နှင့် ညီမဝမ်းကွဲ အပါအဝင် မိသားစုဝင် ၅ ဦးကိုလည်း နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ဖမ်းဆီးထားသည်။ မိခင် ဒေါ်စန်းစန်းတင် ထောင်ဒဏ် ၅ နှစ် (မိတ္ထီလာထောင်) နှင့် ဝမ်းကွဲ ညီမ မသက်သက်အောင် ၆၅ နှစ် (မြင်းခြံထောင်) အသီးသီး အကျဉ်းကျနေသည်။