နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှုဖြင့် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ခံထားရသူ ၃ ဦးကို ရန်ကုန် အင်းစိန်ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့ လိုက်ကြောင်း သိရသည်။
အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်ကို ပဲခူးတိုင်း သာယာဝတီထောင်၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် (ခ) အောင်အောင်ကို ရှမ်းပြည်နယ် တောင်ငူထောင်နှင့် ဂိုပျံစိန် (ခ) အစီးကို မန္တလေးထောင်သို့ ယခုလ ၂၃ ရက်နေ့တွင် ပို့ဆောင်လိုက်ကြောင်း ထောင်အသိုင်းအဝိုင်းထံမှ သိရခြင်း ဖြစ်သည်။
“၂၃ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာလို့ ပြောတယ်။ ၃ ယောက်စလုံးကို တရက်ထဲ ပြောင်းလိုက်တယ်” ဟု ထောင်နှင့်နီးစပ်သူ တဦးက မဇ္စျိမကို ပြောသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ လျှို့ဝှက်အစီရင်ခံစာများ အင်တာနက်မ ှတဆင့် ပေါက်ကြားပျံ့နှ့ံသဖြင့်ဟုဆိုကာ သူတို့ ၃ ဦးကို ယခုလ ရ ရက်နေ့တွင် အင်းစိန်ထောင် အထူး တရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
ဗိုလ်မှူးဝင်းနိုင်ကျော်ကို သေဒဏ်နှင့် နှစ် ၂ဝ၊ ကိုသူရကျော်ကို သေဒဏ်နှင့် ၁၅ နှစ် ချမှတ်ခဲ့သည်။ ဂိုပြန်စိန် (ခ) အစီးကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။
သူတို့၏ ရှေ့နေများဖြစ်သည့် ဦးထွန်းအောင်၊ ဦးမျိုးအောင်နှင့် ဦးခင်မောင်မြင့်တို့က အမှုအပေါ် အယူခံဝင်မည် ဖြစ်ကြောင်း သိရသည်။