ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော
by -
ဖနိဒါ
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က...

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွ့ံများ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကား ဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္စျိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

Most read this week