ပတ်စ်ပို့ သိမ်းသဖြင့် မေတ္တာတို့ အငြိမ့်ပွဲ ရွှေ့ဆိုင်း

ပတ်စ်ပို့ သိမ်းသဖြင့် မေတ္တာတို့ အငြိမ့်ပွဲ ရွှေ့ဆိုင်း
by -
စိုင်းဇွမ်ဆိုင်း
ဂျပန်နိုင်ငံတွင် ဖျော်ဖြေမည့် လူရွှင်တော် မေတ္တာ ခေါင်းဆောင်သော အငြိမ့်အဖွဲ့သားများ၏ နိုင်ငံကူးလက်မှတ်များ ပြန်သိမ်းခံရသဖြင့် အစီအစဉ်ရွှေ့ဆိုင်းလိုက်ကြောင်း...

ဂျပန်နိုင်ငံတွင် ဖျော်ဖြေမည့် လူရွှင်တော် မေတ္တာ ခေါင်းဆောင်သော အငြိမ့်အဖွဲ့သားများ၏ နိုင်ငံကူးလက်မှတ်များ ပြန်သိမ်းခံရသဖြင့် အစီအစဉ် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယခုလ ၂၂ ရက်နေ့တွင် “တိုကျိုဆာကူရာ ပျော်စရာအငြိမ့်” အဖွဲ့သားများ၏ နိုင်ငံကူးလက်မှတ်များကို ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာရန် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာစဉ် အာဏာပိုင်များက သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

“ပြန်ကျင်းပမယ့် ရက်အတိအကျကိုတော့ ပြောလို့မရသေးဘူးပေါ့။ ရောင်းပြီးသွားတဲ့ လက်မှတ်တွေကို ဒီအတိုင်းပဲ ထားထားသေးတယ်။ ကိုယ့်ပိုက်ဆံကို ပြန်လိုချင်တယ် ဆိုရင်တော့ ကိုယ်ဝယ်ခဲ့တဲ့ နေရာမှာ လက်မှတ်နဲ့ ပြန်လဲလှယ်နိုင်ပါတယ်” ဟု ဂျပန်နိုင်ငံမှ ပွဲစီစဉ်သူ တဦးက မဇ္စျိမကို ပြောသည်။

အငြိမ့်အဖွဲ့သည် ဂျပန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားပြီး၊ လေဆိပ်တွင် ထွက်ခွာခွင့်ပုံစံ (D Form) ဖြည့်နေစဉ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းသွားခဲ့ကြောင်း ကိုမေတ္တာက ပြောသည်။

''ကျနော်တို့ကို ရုံးခန်းထဲ ခဏခေါ်တွေ့ပြီးတော့မှ ကျနော်တို့ အနုပညာသမားတွေကို အဲဒီကို သွားရန် မသင့်ကြောင်းဆိုပြီးမှ passport လေးတွေ သိမ်းထားပါရစေ၊ ပြီးတော့မှ passport ရုံးမှာ သွားထုတ်ပါ ဆိုပြီးမှ ပြောလာတာပါ။ကျနော်တို့နိုင်ငံက လူကြီးတွေက သွားသင့်ပါတယ်ဆိုရင် ကျနော်တို့က သွားမှာပေါ့။ အန္တရာယ်ရှိတယ်၊ မသွားသင့်ဘူးဆိုရင် မသွားဘူးပေါ့နော်” သူက မဇ္စျိမကို ပြောသည်။ 

ပြည်ပရောက် သီးလေးသီး အငြိမ့်အဖွဲ့ ခေါင်းဆောင် လူရွှင်တော် ဂေါ်ဇီလာကမူ နိုင်ငံရပ်ခြားတွင် စစ်အစိုးရနှင့် ပတ်သက်ပြီး ပြက်လုံးထုတ်မည်ကို စိုးရိမ်သောကြောင့် ယခုလို တားမြစ်ရခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“လူရွှင်တော်တွေဆိုတာက ပြည်သူတွေရဲ့ ကိုယ်စား ထုတ်ဖော်ပြောဆိုနေတဲ့ သူတွေလေ။ အစိုးရက သူတို့ရဲ့ အရှုပ်ထုပ်တွေကို ဒီလူရွှင်တော်တွေက ဖော်လိုက်မှာ စိုးတာလည်း ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ယခုကျင်းပမည့် အငြိမ့်ပွဲဖြစ်မြောက်ရန် တနှစ်ခန့် ပြင်ဆင်ခဲ့ရကာ၊ ပွဲဖြစ်မြောက်လာအောင် ဆက်လက်၍ ကြိုးစားသွားမည် ဖြစ်ကြောင်းနှင့် လက်မှတ်ဝယ်ထားသူများကို တောင်းပန်ကြောင်း အငြိမ့်ပွဲ စီစဉ်သူများက ပြောသည်။

ယင်းအငြိမ့်ပွဲအတွက် ဝင်ကြေးကို ဂျပန်ယန်းငွေ ၄၅၀၀ သတ်မှတ်ထားပြီး ဂျပန်ဘာသာပြန်များလည်း ထားရှိမည်ဖြစ်သဖြင့် ဂျပန်အများစုက ယခုကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားနေကြကြောင်း သိရသည်။

Most read this week