မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် လုံခြံုသည့်နေရာ မဟုတ်ကြောင်း မြန်မာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောသော််လည်း စစ်အစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ယမန်နေ့က ပုဂံမြို့တွင် စတင်ကျင်ပေးသော သတ္တမ အကြိမ်မြောက် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး၌ ဗိုလ်ချုပ်မောင်ဦးက “လူကုန်ကူးသူများသည် ကွန်ယက်များ ထူထောင်၍ ဂိုဏ်းဖွဲ့ ကျူးလွန်နေကြကြောင်း၊ ယင်း ကွန်ယက်များကို မဲခေါင်ဒေသတွင်းနိုင်ငံများက ကောင်းစွာ တုံ့ပြန်နိုင်သည့် အတွက် မိမိတို့ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် Safe Heaven မဟုတ်တော့ကြောင်း” ဟူ၍ ပြောကြားသွားသည်။
သို့သော် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် အားနည်းနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့အစည်း (HREIB) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန် လိုက်သည်။
“မြန်မာနိုင်ငံမှာက လူကုန်ကူးမှုက ဥပဒေပိုင်းဆိုင်ရာမှာ အားကောင်းတယ်။ ပြစ်ဒဏ်ပေးမှုမှာ တော်တော်ကြီး အားကောင်းတယ်။ သေဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ ဒီဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ရာမှာ အားနည်းတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
“သူတို့ (စစ်အစိုးရ) အနေနဲ့ လူကုန်ကူးတဲ့ သူတွေကို ဖမ်းဆီးတယ်ဆိုတဲ့ စာရင်းဇယားတွေ ထွက်နေပေမယ့်၊ လူကုန်ကူးခံထိတဲ့ ကလေးတွေ၊ အမျိုးသမီးတွေက တနေ့တနေ့ကို အများကြီးပဲ။ သူတို့က အိမ်နီးနားချင်း နိုင်ငံတွေကို ထွက်လာကြတယ်။ အဲဒါ ဘာကိုပြသလဲဆိုတော့ တကယ်တမ်း အရေးယူ အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းချက်တွေ ပြနေတယ်” ဟု သူက ဆက်ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာဌာန ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ပြုစု ထုတ်ဝေသော အစီရင်ခံစာတွင် မြန်မာနိုင်ငံက နိုင်ငံတကာ လူကုန်ကူးမှု ကာကွယ်တားဆီးရေးတွင် စံသတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသလို သိသာထင်ရှားတဲ့ အားစိုက်ထုတ်မှုလည််း မရှိဘူးဟု ပါရှိသည်။
ထိုင်းနိုင်ငံအတွင်း၌ လူကုန်ကူးခံသူများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် လူကုန်ကူးမှု ကာကွယ်တားဆီးရေး NGO တခုဖြစ်သည့် TRAFCORD က ပြောသည်။
TRAFCORD မှ ဒေသတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ပရောဂျက်မန်နေဂျာ Ms. Duan Wonsa က “ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးခံရတဲ့သူ အများစုကတော့ မြန်မာနိုင်ငံကပါ။ ကျမတို့ အတွေ့အကြံုအရ ပြောရင်တော့ ၅ဝ ရာခိုင်နှုန်းကျော်က မြန်မာနိုင်ငံက ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူအများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ပို့ဆောင်ခြင်းခံရပြီး၊ အများစုမှာ တရုတ်နိုင်ငံမှတဆင့် အခြားနိုင်ငံများသို့ ပြည့်တန်ဆာအဖြစ် ရောင်းစားခံနေရကြောင်း ကာကွယ်တားဆီးရေး အဖွဲ့အစည်းများက ပြောသည်။
ပွဲစားများက မူဆယ်၊ ရွှေလီမှတဆင့် တရုတ်နိုင်ငံ ဖုကျန်နှင့် စီချွမ်မြို့များရှိ တရုတ်များထံ ရောင်းစားကြောင်း ဒေသခံ NGO များက ပြောသည်။
ရွှေလီရှိ မြန်မာ့အမျိုးသမီးသမဂ္ဂ (WLB) မှ အမှုဆောင်အဖွဲ့ဝင် မနုနုအေးက “ဟိုဘက် (တရုတ်) ဖုကျန်း၊ ဆီချွမ်းဘက်မှာ မြန်မာအမျိုးသမီးတွေ တော်တော်များတာ။ အဲဒီ ၂ မြို့မှာ သိသလောက်ဆိုရင် မြန်မာအမျိုးသမီး အယောက် ၃ဝဝ လောက် ရှိတယ်။ ရန်ကုန်နဲ့ မြင်းခြံဘက်က အမျိုးသမီးတွေ အများဆုံးရှိတယ်။ တချို့ကလည်း မကောင်းမှန်းသိတယ်။ ဒါပေမဲ့ အိမ်မှာလည်း စီးပွားရေးက လုံးဝကို အဆင်မပြေမှန်း သိတော့ တချို့လည်း သက်သက်ထွက်လာတာရှိတယ်” ဟု မဇ္စျိမကို ပြောသည်။
တရုတ်နိုင်ငံတွင် အလုပ်ရမည်ဆိုကာ ပွဲစားက ခေါ်ဆောင်လာပြီး အိမ်ထောင်ပြုရန် ရောင်းစားခံရသူများ ရှိသည်။
ပြန်လည်လွတ်မြောက်လာသူ အသက် ၁၉ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်တဦးက သူ၏ အတွေ့အကြံုကို ယခုလို ပြောသည်။
“သူတို့ (ပွဲစား) ကခေါ်တော့ ပိုက်ဆံလည်း ရမယ်။ အန္တရာယ်လည်း မဖြစ်ဘူးဆိုပြီး ခေါ်သွားတာ။ အဲဒီအချိန်မှာ သမီးတို့မှာလည်း ပိုက်ဆံလိုနေတယ်။ အိမ်ကလည်း ပေါင်ထားတာ။ အဲဒါနဲ့ သမီးလိုက်သွားတယ်။ ဟိုရောက်တော့ သူတို့က သမီးတို့ကို ယောကျ်ားပေးစားတာ။ သမီးနဲ့အတူပါလာတဲ့ ၄ ယောက်လုံးကတော့ မြန်မာပြည် မှာလည်း အရမ်းဒုက္ခရောက်တော့ ယောကျ်ားယူလိုက်တယ်။ ယူရင် အိမ်ကို ပိုက်ဆံ ရ သိန်း ပို့ပေးမယ်ဆိုပြီး ပြောတယ်'' ဟု သူက ဆိုသည်။
သူက ဆက်ပြီး "သမီးက မယူဘူးပြောတော့ မယူရင် သူတို့ လမ်းစရိတ်အတွက် စိုက်ပေးထားတဲ့ ပိုက်ဆံ ၃ သိန်း ပြန်ပေးဆိုတော့ သမီးမှာ ပြန်ပေးစရာ ပိုက်ဆံ မရှိဘူး။ သူတို့က ပိုက်ဆံ ၃ သိန်း လျှော်ပေးရင် ပြန်လို့ရတယ်လို့ ပြောတယ်။ ဘယ်သူနဲ့မှလည်း ဖုန်းပေးမဆက်ဘူး။ သမီးကို ပေးမပြန်ဘဲနဲ့ အဲဒီလူက သမီးနဲ့ အတူ လာအိပ်တယ်။ သမီး ဘယ်လိုမှ လုပ်လို့ မရတော့ဘူး” ဟု ပြောသည်။
၂ဝဝ၉ ခုနှစ်တွင် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လွှဲပေးခဲ့သော လူကုန်ကူးခံရသူ အရေအတွက်မှာ ၄၃၁ ဦး ရှိခဲ့ပြီး၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သော လူကုန်ကူးခံရသူ စုစုပေါင်းမှာ ၂၉၃ ဦးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂ဝဝ၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ဝန်ကြီး များက မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (COMMIT MoU) ကို ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။