မြန်မာလူမှုအဖွဲ့အစည်းများကို စိစစ်အရေးယူသွားမည်ဟု ထိုင်းအရာရှိတဦးက သတိပေး ပြောကြားလိုက်သည်။
ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်သော ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆမာ့တ်လွိုင်ဖာ က လူမှုရေးဘန်းပြပြီး နိုင်ငံရေး လုပ်နေသည့် အဖွဲ့အစည်းများကို အရေးယူသွားမည်ဟု ပြောကြားသွားခဲ့သည်။
မြန်မာအတိုက်အခံအဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့် သတင်းစာရှင်းပွဲ၌ ခရိုင် အုပ်ချုပ်ရေးမှူးက ပညာရေး၊ ကျန်းမာရေးကိစ္စများ လုပ်ကိုင်နေသည့် အဖွဲ့များကိုမူ ဆက် လက်ခွင့်ပြုမည်ဟု အသိပေးခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ ယခု သတိပေးမှု၏ နောက်ကွယ်တွင် မည်သည့်အခြေခံအကြောင်းများ ပါသည်ကို အတိအကျ မသိသော်လည်း မဲဆောက်ရှိ စက်ရုံများမှ အလုပ်သမားဆန္ဒပြမှုများ ယခင်ကထက် ပိုများလာခြင်းသည်လည်း အကြောင်းတခုဖြစ်နိုင်ကြောင်း မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေ ပြောသည်။
ထို့အပြင် ထိုင်းစီးပွားရေးသမားများနှင့် မြန်မာစစ်အစိုးရတို့ကလည်း ဒီမိုကရေစီ လိုလားသော မြန်မာ အတိုက်အခံ နိုင်ငံရေးသမားများကို ထိုင်းနိုင်ငံတွင် လက်ခံ ထားသည်ဟု မကြာခဏ ထောက်ပြ ပြောဆိုလေ့ ရှိကြောင်းလည်း သူက ပြောသည်။
“အက်ရှင် Action က ပါလာနိုင်တယ်လေ။ နယ်စပ်ကော်မတီ အစည်းအဝေးတွေမှာ ကုန်သည်များ အသင်းတွေ၊ ဟိုဘက်ကမ်းကနေပြီးတော့ ဒီဘက်မှာရှိတဲ့ အဖွဲ့အစည်းတွေကို ကြပ်တာ မျိုးလည်းရှိတယ်။ မြန်မာအစိုးရအနေနဲ့က ဒီဘက်မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်း၊ ကျန်းမာရေး အဖွဲ့၊ သာရေးနာရေး၊ ပညာရေးပဲဖြစ်ဖြစ် အကုန်လုံးကို အတိုက်ခံ စာရင်းထဲ သွင်းတာကိုး” ဟု သူက မဇ္စျိမကို ပြောသည်။
လူမှုရေးအရ ကူညီမှုများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်များ၊ အဖွဲ့ဝင်ဟောင်းများကလည်း မြန်မာနိုင်ငံသားများ၏ အရေးကို ကူညီ ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟုခံယူ၍ ဆောင်ရွက်ပေးနေကြောင်း အဖွဲ့ဥက္ကဌ ကိုသံခဲက ပြောသည်။
“လူမှုရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ကျနော်တို့ ABSDF အဖွဲ့သူ အဖွဲ့သားတွေအတွက်ရော စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ ကူညီနေတဲ့ အဖွဲ့အစည်းတွေကို ဒီလိုမျိုး နှောက် ယှက်တာပဲဖြစ်ဖြစ်၊ ဖိအားပေးတာပဲဖြစ်ဖြစ် ဒီလူမှုရေးလုပ်ငန်းတွေက ရပ်သွားမှာမဟုတ် ဘူး လို့ပဲ ကျနော်ထင်တယ်ဗျ” ဟု သူက မဇ္စျိမကို ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်တွင် အလုပ်သမားရေးလုပ်ကိုင်သည်ဟု အမည်ခံထားသော အဖွဲ့ငယ်များ သိသိသာသာများပြားလာကြောင်း ဒေသခံများက ပြောသည်။
မဲဆောက်မြို့သည် ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမား အခွင့်အရေး လုပ်ငန်းများကို ဆောင်ရွက်နေသောအဖွဲ့အစည်းများသာမက မြန်မာနိုင်ငံရေး အတိုက်အခံများ ခိုလှုံရာမြို့ ဖြစ်သည်။
မဲဆောက်မြို့ရှိ စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား အရေ အတွက် သိန်းနှင့်ချီ၍ရှိပြီး ၄င်းတို့၏ အရေးကိစ္စများကို ကူညီဆောင်ရွက်နေသော အဖွဲ့ အစည်း ၁၀၀ ကျော် ရှိသည်ဟု အလုပ်သမား အဖွဲ့များထံမှ သိရသည်။