အန်အယ်ဒီနှင့် အမေရိကန် ပညာရှင်အဖွဲ့ တွေ့ဆုံ

အန်အယ်ဒီနှင့် အမေရိကန် ပညာရှင်အဖွဲ့ တွေ့ဆုံ
by -
ကျော်သိင်္ခ
အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းစ် John Hopkins တက္ကသိုလ်မှ အရှေ့တောင် အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jakson) ဦးဆောင်သော အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်....

အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းစ် John Hopkins တက္ကသိုလ်မှ အရှေ့တောင် အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jakson) ဦးဆောင်သော အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် ဦးဆောင်သော ၃ ဦးအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်သို့လာရောက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့နှင့် ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ တနာရီကြာ တွေ့ဆုံခဲ့သည်။

ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက “ကျနော်တို့နဲ့ တွေ့တာပါ။ ဆွေးနွေးတာ မရှိပါဘူး။ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေ၊ အန်အယ်ဒီရဲ့ လက်ရှိအခြေအနေ၊ အနာဂတ် ရည်မှန်းချက် အဲဒီလို သူတို့ သိချင်တဲ့ အချက်တွေကို မေးပါတယ်။ ကျနော်တို့ ဖြေနိုင်တာတွေ ဖြေပါတယ်။ သူတို့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတာ မရှိပါဘူး” ဟု မဇ္စျိမကို ပြောသည်။

ပါမောက္ခ ကားလ် ဒီ ဂျက်ဆင်သည် အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတိုနှင့် ပတ်သက်၍လည်း သုတေသန ပြုလုပ်ခဲ့ဖူးပြီး နေပြည်တော်၌ ဝန်ကြီးအချို့နှင့် တွေ့ဆုံမည်ဟု သိရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပါမောက္ခ ကားလ်ဒီဂျက်ဆင်၏ အဖွဲ့နှင့် အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦးအကြား ရွှေဂုံတိုင် ကြေညာစာတမ်းနှင့် ပတ်သက်၍ မေးမြန်း ရှင်းလင်းမှုများ ရှိခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

“ကျနော်တို့ကလည်း ကျနော်တို့ ရပ်တည်ချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်ပြီး ရှင်းပြလိုက်တယ်။ ကျန်တာတော့ မဆွေးနွေးပါဘူး။ အစိုးရပိုင်းနဲ့ ဆွေးနွေးတာက ကျနော်တို့နဲ့တွေ့ပြီး နောက်တရက်ကျမှ နေပြည်တော်ကိုသွားပြီး ဆွေးနွေးမယ်လို့ ပြောသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပါမောက္ခ ကားလ်ဒီဂျက်ဆင်နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့လာရန် အမေရိကန်ရှိ မြန်မာသံရုံး၌ ပြည်ဝင်ခွင့်ဗီဇာ လျှောက်စဉ်ကတည်းက အန်အယ်ဒီနှင့် စစ်အစိုးရအား တွေ့ဆုံခွင့်ရလိုကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ဦးအုန်းကြိုင်ထံမှ သိရသည်။

အမေရိကန်ပညာရှင်နှင့် အဖွဲ့သည် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အန်အယ်ဒီ အလုပ်အမှုဆောင်များက ထိုသတင်းအား ယခုထိ အတည် မပြုနိုင်ပေ။

မြန်မာ့အရေး လေ့လာသူအချို့ကမူ စစ်အစိုးရက ယခုကဲ့သို့ အမေရိကန်ပညာရှင်အဖွဲ့အား အန်အယ်ဒီနှင့် တွေ့ခွင့် ပေးခဲ့သော်လည်း မြန်မာနိုင်ငံရေးမှာမူ တိုးတက်သည့် လက္ခဏာမတွေ့ရသေးကြောင်း သုံးသပ်ကြသည်။

မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းက “အခုလိုလုပ်တာက ဖိအားတခုထဲ သုံးတာထက်စာရင် နှစ်ခုသုံးတာက ပိုကောင်းတာပေါ့လေ။ တိုးတက်တဲ့ လမ်းစတွေ ရှာဖို့ အတွက် အားအပိုဆောင်းတယ်လို့ ဆိုရမှာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာ တိုးတက်မယ့် အရိပ်အယောင်တော့ မတွေ့ရသေးဘူးပေါ့။ အားလုံးကတော့ ဗိုလ်ချုပ်သန်းရွှေ အပေါ်မှာပဲ မူတည်တာပေါ့” ဟု သုံးသပ်ပြသည်။

မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (Massachusetts Institute of Technology) မှ နိုင်ငံရေးသိပ္ပံ အထူးပြု ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သူ ပါမောက္ခ ကားလ် ဒီ ဂျက်ဆင်သည် ၁၉၈၆ မှ ၁၉၈၉ ခုနှစ်အထိ အရှေ့အာရှ ကာကွယ်ရေးအဖွဲ့ လက်ထောက် အတွင်းရေးမှူး၊ ၁၉၉၁ မှ ၁၉၉၃ အထိ အမေရိကန် ဒုတိယ သမ္မတ၏ အမျိုးသား လုံခြံုရေး အကြံပေးအရာရှိ၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သမ္မတ၏ အထူးလက်ထောက်နှင့် အာရှအမျိုးသား လုံခြံုရေးကောင်စီ ဒါရိုက်တာ၊ ၁၉၉၄ မှ ၂ဝဝ၅ ခုနှစ်အထိ အမေရိကန်နှင့် ထိုင်းနိုင်ငံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ၏ လက်ထောက် အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ အာရှ၏ ဒီမိုကရေစီ ယဉ်ကျေးမှု (Culture of Democracy in Asia) ဟူသော ခေါင်းစဉ်ဖြင့် သုတေသန ပြုလုပ်နေကြောင်း သိရသည်။ သူသည် ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်တွင် ၁၉၉၆ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သည်။

Most read this week