ဒေါ်အောင်ဆန်းစုကြည်သည် အမှုနိုင်ပြီး လုံးဝ လွတ်မြောက် လာလိမ့်မည်ဟု အကောင်းဘက်ကို မျှော်လင့်ကြောင်း သူ၏ ရှေ့နေများက ပြောသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်တွင် ကန့်သတ် ချုပ်နှောင်ထားသည့် ပြစ်ဒဏ်ကို ပြင်ဆင်ရန် တင်သွင်းထားသည့် အပေါ် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲမှု ၃ နာရီကြာ ယနေ့ပြုလုပ်ခဲ့အပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ပြစ်ဒဏ်အပေါ် ပြင်ဆင်ရေး အယူခံ အတွက် နှစ်ဖက်အပြီးသတ် လျှောက်လဲချက် ကြားနာခဲ့ခြင်း ဖြစ်သည်။
“ကျနော်အနေနဲ့တော့ ဥပဒေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ နိဒါန်းက အန်ကယ်တို့ဘက်က လုံးဝ ဥဿုန် ရှိပြီးသားပဲ။ မျှော်လင့်ချက်က အပြည့်ထားတယ်။ ဥပဒေ စိုးမိုးရေးကိုလည်း တရားရုံးက ထိန်းသိမ်းသွားလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့က ဥပဒေ ရှုထောင့်အရ ကျနော်တို့ ဥပဒေ အချက်အလက်တွေ သိပ်ကောင်းတယ်။ အဲတော့ ဥပဒေ အချက်အလက် ရှုထောင့်ကကြည့်ရင် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးရမယ်” ဟု နောက်ထပ် ရှေ့နေ တဦးဖြစ်သော ဦးဉာဏ်ဝင်းက ပြောသည်။
အတိုက်အခံ ခေါင်းဆောင်၏ အမှုအယူခံ စီရင်ချက်ချမှတ်ရန် အနည်းဆုံး ရက်သတ္တ ၂ ပတ်မှ အများဆုံး တလခန့် ကြာမြင့်နိုင်မည်ဟု ယုံကြည်ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေ ဦးကြည်ဝင်းက ဖတ်ကြားခဲ့ပြီး ဒေါ်ဝင်းမမတို့ သားအမိအမှု အယူခံ လျှောက်လဲချက်ကို ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက် ပေးခဲ့သည်။
သူမ၏ အိမ်အတွင်းသို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောအား ဧည့်ခံသဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်အချုပ် ၁၈ လအဖြစ် နေအိမ် အကျယ်ချုပ်ရန် ညွန်ကြားခဲ့သည်။
ပျက်ပယ်ပြီးဖြစ်သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟု ဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ် ခဲ့ကြသည်။
တရားလို စစ်အစိုးရဘက်ကမူ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း ဖွဲ့စည်းပုံ ဥပဒေနှင့် သက်ဆိုင်သည့် ပုဒ်မများ ဆက်လက် တည်ရှိသည်ဟု တုံ့ပြန်ထားသည်။