နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်မှူးသင်တန်း ပြီးဆုံး အောင်မြင်သွားပြီး ဖြစ်သော ပထမဆုံး မြန်မာအမျိုးသမီး လေသူရဲ ၂ ဦးသည် အဲပုဂံ လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် စတင်ပျံသန်းကာ တာဝန် ထမ်းဆောင်နေကြပြီ ဖြစ်သည်။
မြန်မာအမျိုးသမီး ၂ ဦးဖြစ်ကြသော မနှင်းဦးဝေနှင့် မမေချိုဝင်းတို့သည် မလေးရှားနိုင်ငံ လေယာဉ်မောင်း သင်တန်းကျောင်း Integrated Aviation Academy (IAA) တွင် ၂ နှစ်ကြာသင်တန်း တက်ရောက်ကာ ခရီးသည်တင် လေယာဉ်မောင်း လိုင်စင်ကို ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရရှိခဲ့သည်။
''မြန်မာ အမျိုးသမီးလေသူရဲ ၂ ဦးဟာ IAA မှာ သင်တန်းတွေ တက်ရောက်တာ ၂၀၀၉ ခုနှစ် သြဂုတ်လက ပြီးဆုံးသွားပြီး အဲပုဂံမှာ တာဝန် ထမ်းဆောင်ဖို့ မြန်မာနိုင်ငံကို ပြန်သွားကြပါပြီ'' ဟု IAA မှ စျေးကွက်နှင့် ဆက်သွယ်ရေး အမှုဆောင်အရာရှိ Idi Najeem Bin Khairuddin က မဇ္ဈိမကို ပြောသည်။
နောက်ထပ် မြန်မာအမျိုးသမီး သင်တန်းသူတဦးမှာမူ ဤလေယာဉ်မောင်းသင်တန်း အကယ်ဒမီတွင် သင်တန်း တက်ရောက်နေဆဲ ဖြစ်ကာ နောက်ဆုံးအဆင့် သင်တန်းများ ပြီးဆုံးလျှင် ပျံသန်းရေး လိုင်စင်ကို ၂၀၁၀ ခုနှစ် မတ်လတွင် ရရှိလိမ့်မည်ဟု Khairuddin က ဆက်လက် ပြောဆိုသည်။
မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပုဂ္ဂလိကပိုင်အဖြစ် ပိုင်ဆိုင်သည့် အဲပုဂံ လေကြောင်းလိုင်းမှ အရာရှိတဦးက မဇ္ဈိမကို ပြောကြားရာတွင်မူ အဆိုပါ လေသူရဲ ၂ ဦးသည် သူတို့လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် တာဝန် ထမ်းဆောင်နေပြီ ဖြစ်ပြီး တွဲဖက် လေယာဉ်မှူးအဖြစ် ပျံသန်းချိန်နာရီ ပြည့်ပါက လေယာဉ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့် တာဝန် ပေးအပ်သွားမည်ဟု ပြောသည်။
အဆိုပါ အမျိုးသမီးများသည် ပထမတွင် လေယာဉ်မယ်များအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီစရိတ်ဖြင့် လေယာဉ်မောင်းသင်တန်း သွားတက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အဲပုဂံလေကြောင်းမှ လေယာဉ်မှူးတဦးက ပြောသည်။
''သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲတွေ ဖြစ်လာမှာပါ'' ဟု အဆိုပါ လေယာဉ်မှူးက ဆက်လက် ပြောဆိုသည်။
သူ့အပြောအရ လေယာဉ်မောင်းလိုင်စင် ရရှိရန် သင်တန်းကျောင်းတွင် အနည်းဆုံး ပျံသန်းချိန် နာရီ ၂၀၀ ပြည့်ရန် လိုသည်ဟု သိရသည်။
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားဖက်နှင့် လူရင်းလူယုံဖြစ်သူ ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံ လေကြောင်းလိုင်းသည် ယခုလ အစောပိုင်းတွင် ထိုင်းနိုင်ငံ ခရီးစဉ်ဖြစ်သော ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့သည်။
အဲပုဂံအပြင် နိုင်ငံတကာ ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းမှာ အစိုးရပိုင် မြန်မာ နိုင်ငံတကာ လေကြောင်းလိုင်း (MAI) တခုသာ ရှိသည်။