မြန်မာနိုင်ငံသား ဒုက္ခသည် ၅၇၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတဆင့် နိုင်ငံခြားတွင် အခြေချ နေထိုင်ရန် ခြောက်နှစ်အတွင်း ပို့ဆောင်ပေးခဲ့ကြောင်း နို်င်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများအဖွဲ့ IOM က ထုတ်ပြန်လိုက်သည်။
၂၀၀၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်နေသော မြန်မာဒုက္ခသည်များကို အမေရိကန်နိုင်ငံသို့ အများဆုံး ပို့ဆောင်ခဲ့ပြီး ၂၀ ရာခိုင်နှုန်းကိုတော့ ဥရောပနိုင်ငံများ၊ သြစတြေလျနှင့် ကနေဒါတို့သို့ ပို့ဆောင်ပေးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နှစ်က မြန်မာ ဒုက္ခသည် ၁၇၀၀၀ ကျော်ကို နိုင်ငံခြား ပို့ပေးခဲ့သည့်အနက် အများစုမှာ ကရင်နှင့် ကရင်နီ တိုင်းရင်းသား အများစု ဖြစ်သည်။
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ နန်းစွိုင် ကရင်နီ ဒုက္ခသည် စခန်းမှ ၆၈၀၀ ဦး၊ တောင်ပိုင်းရှိ တာ့ခ်ခရိုင်မှ မယ်လ ကရင်ဒုက္ခသည်စခန်းမှ ၃၄၀၀ ဦးတို့ ပါဝင်သည်ဟု IOM ကဖော်ပြသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် တောင်တန်းထူထပ်သော နယ်စပ်တလျောက် ဝေးလံခေါင်ဖျားဒေသ များရှိ အခြားသော ဒုက္ခသည်စခန်း ရ ခုမှ ဒုက္ခသည် အချို့ကိုလည်း ပို့ဆောင်ပေးခဲ့သည်။
ဒုက္ခသည်များကို လက်ခံခဲ့သော ဥရောပနိုင်ငံများတွင် ဒိန်းမတ်၊ ဖင်လန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည်။
လက်ခံသော နိုင်ငံများ၏ မေတ္တာရပ်ခံချက်အရ IOM အနေဖြင့် ဒုက္ခသည်များ မထွက်ခွာမှီ အဆုတ်နာ ရောဂါနှင့် တခြားသော ကူးစက်စေတတ်သော ရောဂါရှိ မရှိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သည်ဟု ပြောသည်။
{တကယ်လို့ ဒုက္ခသည်တယောက်က ကူးစက်ရောဂါရှိတယ်ဆိုရင် ခရီးသွားဖို့ကောင်းတဲ့ အခြေအနေထိ ရောက်အောင် IOM က ဆေးကုပေးပါတယ်} ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဒုက္ခသည်များကို ကားဖြင့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ သုဝဏဘူမိ လေဆိပ်သို့ ခေါ်ဆောင်ပြီး ထိုမှတဆင့် သက်ဆိုင်ရာနိုင်ငံ နေထိုင်ရာနေရာ ရောက်သည်အထိ IOM က စီစဉ်ပေးသည်။
IOM က ခြောက်နှစ်အတွင်း ဒုက္ခသည်ပေါင်း ရ၄၀၀၀ ကျော်ကို တတိယနိုင်ငံတွင် အခြေချနေထိုင်ရန် စီစဉ်ပေးခဲ့ရာ ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မုံး တိုင်းရင်းသား လာအို ၁၅၀၀၀ ကျော်လည်းပါဝင်သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် IOM သည် ဗီယက်နမ်စစ်ပွဲအပြီး ၁၉၇၅ ခုနှစ်ကတည်းက ထို်င်းနိုင်ငံတွင် ရောက်ရှိနေသည့် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ငါးသိန်းခန့်သော ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပို့ဆောင်ပေးနေခဲ့သည်။
ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂၀၀၉ အောက်တိုဘာလအထိ ၁၄၀၀၀၀ ဦးခန့်ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် TBBC အဖွဲ့က ထုတ်ပြန်ထားသည်။