ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်

ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်
by -
မုံပီး
တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က...

တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က အဆုံးသတ် လိုက်ပါသည်။

`နှစ်ဘက် ရှေ့နေတွေက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံး လျှောက်လဲချက် ပေးရပါမယ်။ ဒါပြီးရင် ရုံးက စီရင်ချက်ချပါမယ်´  ဟု ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

နို်င်ငံသား ခံယူထားသူ အမေရိကန် လူမျိုးသည် စာရွက်စာတန်း အတုပြုလုပ်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရသည်။

`တရားရုံးက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကိုတော့့ ကျနော်ကြိုတင် မှန်းဆ မပြောလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ စွပ်စွဲခံရသူဟာ အပြစ်မရှိဘူး ဆိုတာကိုတော့ သူ့အမှုမှာ ကာကွယ် လုပ်ဆောင်ခဲ့ပါတယ်´ ဟု ဦးကြည်ဝင်းက ပြောသည်။

စွဲဆိုခံရသူ၏ နိုင်ငံတကာရှေ့နေဖြစ်သူ Beth Swanke ကမူ စွဲချက်များမှာ `အတုအယောင်´ များသာဖြစ်ပြီး သူသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူ ထင်ရှားသည့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတဦး ဖြစ်ခြင်းကြောင့် အမှုဆင် စွဲဆိုနေခြင်းသာဖြစ်သည်ဟု ဆိုလိုက်ပါသည်။

နိုင်ငံလုံးအနှံ့ ဆူပူအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်က သူသည် ကျောင်းသား တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး အရေးအခင်း အပြီးတွင် စစ်တပ်က ဆန္ဒပြသူများကို နှိမ်နင်း အရေးယူ လာခဲ့သည့်အတွက် အခြား ကျောင်းသားများနှင့် အတူ မြန်မာနိုင်ငံမှ ထွက်ပြေး၍ ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့ရသည်။ နောက်ပိုင်းတွင်သူသည် အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ ထိုနိုင်ငံတွင် နိုင်ငံသား ခံယူခဲ့သည်။

၂၀၀၉ ခုနှစ်မေလ အတွင်း နိုဘယ် ငြိ်မ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို တရားမဝင် ဝင်ရောက်ခဲ့၍ဟုဆိုကာ ဂျွန်ဝီလီယံ ယက်တော ဆိုသူကို တရားစွဲဆို ရုံးတင် စစ်ဆေးပြီးကတည်းက ယခု ကိုညီညီအောင် အမှုသည် ၂၀၀၉ ခုနှစ် နောက်ပိုင်း ဒုတိယမြောက် အမေရိကန် နိုင်ငံသား တဦး ထိုသို့ ရုံးတင် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

ဂျွန်ယက်တောကို ထောင်ဒဏ် ရ နှစ် အပြစ်ပေးခဲ့ပြီး မြန်မာနို်င်ငံသို့ လာရောက် လည်ပတ်သော အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်ဝက်ဘ်နှင့် အတူ အမေရိကန်နိုင်ငံသို့ ပြန်ထည့်ပေးလိုက်သည်။

ရန်ကုန်ရှိ အမေရိကန် သံရုံးက မဇ္ဈိမသို့ အီးမေလ်းဖြင့် ဆက်သွယ် ပြောကြားရာတွင်မူ ယခုအမှုကို သူတို့ အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်းနှင့် `မစ္စတာလွင် ဖမ်းဆီးခံရကတဲက ကောင်စစ် တွေ့ဆုံခွင့်ရရှိရန် အပြင်းအထန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအမှုကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ကိုင်တွယ် ဆောင်ရွက်ရန်လည်း မြန်မာအစိုးရကို အမေရိကန် အစိုးရက တောက်လျှောက် ဖိအားပေး ပြောကြားခဲ့သည်ဟု ပြောသည်။

ဒီဇင်ဘာလ အတွင်းကလည်း ကွန်ဂရက် လွှတ်တော်အမတ် ၅၀ ကျော်က ယက်တောကဲ့သို့ပင် ယခု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ ကိုညီညီအောင်ကိုလည်း အမေရိကန် နိုင်ငံသို့ ပြန်လာခွင့်ပေးရန်  မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားသည်။

`အမှုကနေ အပြုသဘော ရလဒ်တွေ ထွက်ပေါ်လာရေးအတွက် သံတမန် လမ်းကြောင်းတွေကနေ အမေရိကန် နိုင်ငံက ဆက်လက် လုပ်ဆောင်နေပါတယ်´ ဟု သံရုံးလက်ထောက် ပြည်သူ့ရေးရာ အရာရှိ Drake Weisert က အင်္ဂါနေ့တွင်မဇ္ဈိမကို ပြောသည်။

`ရန်ကုန် သံရုံးကောင်စစ် အရာရှိတဦးက မစ္စတာလွင်ကို အင်းစိန်ထောင်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က တနာရီကြာ တွေ့ဆုံခဲ့ပါတယ်။ ပုံမှန် ကောင်စစ် တွေ့ဆုံခွင့်ရအောင် ကျနော်တို့ ဆက်လက်ဖိအားပေး ဆောင်ရွက်နေပါတယ်´ ဟု Weisert က ပြောသည်။

Most read this week