ရခိုင်ပြည်နယ် မောင်တောမြို့မှ အိမ်တအိမ်ကို ဓါးပြ အဖွဲ့တခုမှ ဧည့်စာရင်း စစ်သူ နစကနှင့် ရပ်ကွက် အာဏာပိုင်များ ကဲ့သို့ အယောင်ဆောင်ပြီး ဓါးပြ တိုက်သွားခဲ့သည်။
အဆိုပါ ဓါးပြတိုုက်မူတွင် အသက် ၁၉ နှစ် အရွယ်ရှိ မောင်မောင်ကျော်ဆိုသူ လူငယ်မှာ ဓါးပြများ ပစ်ခတ်သော သေနတ် ကျည်ဆံ ထိမှန်ခဲ့သဖြင့် ယခုအခါ မောင်တောဆေးရုံတွင် တင်ထားရသည်။
မိသားစုနှင့် နီးစပ်သူတဦးက “ ဒီနေ့ နံနက် ၁နာရီခွဲမှာ လူ ၈ ဦးခန့်ပါ အဖွဲ့ တဖွဲ့က ဒေါ်မလှရွှေ အိမ်ခြံဝင်းထဲကို ဝင်လာပြီးတော့ ဧည့်စာရင်း စစ်မယ်ဆိုပြီးတော့ ပြောပါတယ်။ အိမ်ကလူတွေက ရပ်ကွက် ဥက္ကဌလည်း မပါ ပါလား ပြောတော့ ဗမာသံနဲ့ ဓါးပြ တဦးက ဗိုလ်လေး နောက်မှာ ပါလာတယ်ဆိုပီး အိမ်ပေါ်တက်တယ် ။ အိမ်ပေါ်ရောက်တော့ ပါလာတဲ့ သေနတ်တွေနဲ့ ချိန်ရွယ်ပြီးတော့ ဓါးပြတိုက်တော့ တာပါပဲ။” ဟု ပြောသည်။
အဆိုပါ ဓါးပြတိုက်မှုမှာ မောင်တောမြို့ ရပ်ကွက်(၃) ဝိမလရွာရှိ ဦးမောင်ခင်(ကွယ်လွန်) ၏ ဇနီး ဒေါ်မလှရွှေတို့ အိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“အဲဒီအိမ်မှာက ဒေါ်မလှရွှေအပါအဝင် အကုန်လုံး အမျိုးသမီးတွေပါပဲ။ မောင်မောင်ကျော် ဆိုတဲ့ ကောင်လေးက သူတို့ ဆွေမျိုးတော်စပ်တဲ့ ကလေးပါ။ အဲဒီအိမ်မှာလာပြီး ညအိပ် စောင့်ပေးနေတာပါ။ ဓါးပြတွေက သူ့ကို ကြိုးနဲ့တုတ်တော့ သူက အော်လိုက်တာနဲ့ ဓါးပြတွေက ပါလာတဲ့ သေနတ်နဲ့ မောင်မောင်ကျော်ကို တချက် ပစ်တယ်။ သေနတ်သံ ကြားတော့ ရပ်ကွက် လူထုတွေက ၀ိုင်းလာတော့ ဓါးပြတွေက ချက်ချင်း ထွက်ပြေး သွားခဲ့ကြပါတယ်။” ဟု သူက ပြောသည်။
ထွက်ပြေးသွားပြီးနောက် ဓါးပြများတွင် လုပ်သေနတ် တလက်နှင့် နစက တပ်ဖွဲ့ဝင်များ ဆောင်းသည့် ဦးထုပ်တလုံး ကျန်နေခဲ့သည်ဟု သိရသည်။
မောင်မောင်ကျော်၏ နံရိုးကြားတွင် သေနတ် ကျည်ဆံ ထိမှန်သွားသဖြင့် ချက်ချင်း မောင်တော ပြည်သူ့ဆေးရုံးကြီးတွင် ခွဲစိတ်ကုသရန် ပို့ပေးခဲ့ရသည်ဟု သူက ပြောသည်။
တခြား ဆွေမျိုးတော်စပ်သူ အမျိုးသမီးတဦးက“ ကျမကို ဒေါ်ဒေါ်ပြောတာကတော့ ကုလားတွေနဲ့ ဗမာတွေပေါင်းပြီး တိုက်တာလို့ ပြောပါတယ်။ ပြီးတော့ ဗမာစကား ပြောတာလည်း တော်တော့ကို ပီတယ်လို့ ပြောပါတယ်။ ဗမာစကား လုပ်ပြောတဲ့ လေသံ လုံးဝ မပါဘူးတဲ့။ နစက ဝန်ထမ်းတွေ မဟုတ်ရင် ဗမာပြည်က ပြောင်းရွေ့လာတဲ့ နတလ ကျေးရွာသားတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်” ဟုပြောသည်။
အဆိုပါ ဓါးပြတိုက်မူတွင် အိမ်မှ မည်သည့်ပစ္စည့်များမှ ပါသွားခြင်းမရှိကြောင်း သိရသည်။
မောင်တောမြို့တွင် နစက၊ ရဲနှင့် လုံထိန်များကို လုံခြံုရေးအတွက် အထူး တိုးမြှင့် ချထားသည့် ကြားထဲမှ ယခုကဲ့သို့ ဓါးပြတပ်ဖွဲ့ တပ်ဖွဲ့က အတင့်ရဲစွာ မြို့ပေါ်မှ အိမ်တအိမ်ကို ၀င်ရောက် ဓါးပြတိုက်မူ အပေါ် မောင်တော လူထုက အမျိုးမျိုး ထင်ကြေးပေး ဝေဖန် ပြောဆို လျှက်ရှိ သည်ဟု သိရသည်။