နှစ်နိုင်ငံ ရေပိုင်နက် ဆွေးနွေးပွဲကို ဧပြီလတွင် ထပ်မံကျင်းပမည်

နှစ်နိုင်ငံ ရေပိုင်နက် ဆွေးနွေးပွဲကို ဧပြီလတွင် ထပ်မံကျင်းပမည်
by -
ငြိမ်းချမ်း
နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေမှု အဆုံးသတ်ရန် ကြိုးပမ်းနေသော မြန်မာနှင့် ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံတို့သည် ဧပြီလတွင် နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန် ယခုလ ၉ ရက်နေ့တွင်...

နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေမှု အဆုံးသတ်ရန် ကြိုးပမ်းနေသော မြန်မာနှင့် ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံတို့သည် ဧပြီလတွင် နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန် ယခုလ ၉ ရက်နေ့တွင် သဘောတူလိုက်ကြသည်။

ဘင်္ဂလားဒေ့ချ်နှင့် မြန်မာ ကိုယ်စားလှယ်များသည် ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်းမြို့ အာဂရာဘ အရပ်ရှိ အာဂရာဘ ဟိုတယ်တွင် ၂ ရက်ကြာ အစည်းအဝေးတခုကို ပြုလုပ်ပြီးနောက် ယခုလို ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် ၁၃ ဦးပါအဖွဲ့နှင့် ဘင်္ဂလားဒေ့ချ်ဘက်မှ ပင်လယ်ရေပြင် ပိုင်နက်ဥပဒေ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ တွဲဖက် နိုင်ငံခြားရေး ဝန်ကြီး အငြိမ်းစား ရေတပ်ဗိုလ်ချုပ် Md Khurshed Alam ဦးဆောင်သည့် ၁၅ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

မြန်မာဘက်မှ သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရာတွင် ဘင်္ဂလားဒေ့ချ် ရေပိုင်နက်အတွင်း ကျူးကျော်လာသည်ဟု ဆိုကာ မြန်မာနှင့် ဘင်္ဂလား နှစ်နိုင်ငံသည် ပင်လယ်ပြင်ရေပိုင်နက် အငြင်းပွားမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး နို်ဝင်ဘာလအတွင်း စစ်သင်္ဘောများ စေလွှတ်သည်အထိ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

အငြင်းပွားနေသော ပင်လယ်ပြင် ရေပိုင်နက် ကိစ္စကို ဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ချ် အစိုးရအနေနှင့် ကမ္ဘာ့ ကုလသမဂ္ဂသို့ တိုင်ကြားထားသည်။

တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် စာချုပ်အရ ဘင်္ဂလားဒေ့ချ်နိုင်ငံက သူ၏ ရေပိုင်နက်ဟု တောင်းဆိုနေသည့် ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ လုပ်ကွက်အမှတ် ဗီ-၇ တွင် ဟိုက်ဒရိုကာဘွန် ရှာဖွေရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်နေသည်ကို ဘင်္ဂလားဒေ့ချ်က ၎င်းတို့ ရေပိုင်နက်အတွင်း လုပ်ကွက်အမှတ် အကွက် 08-13 တွင် မြန်မာပိုင်ရေယာဉ်များ ကျူးကျော် ဝင်ရောက်လာသည်ဟုဆိုကာ နှစ်ဖက်တင်းမာမှု စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရဘက်မှ ကိုယ်စားလှယ်များထဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဟိုက်ဒရို ဂရပ်ဖစ်ဌာန၊ ရန်ကုန်တက္ကသိုလ် ဥပဒေဌာန စသည်တို့မှ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

Most read this week