လှိုင်သာယာ စက်မှုဇုန်များ ဆန္ဒပြမှု တိုးပွား

လှိုင်သာယာ စက်မှုဇုန်များ ဆန္ဒပြမှု တိုးပွား
by -
မင်းသက်
လှိုင်သာယာ စက်မှုဇုန်များတွင် တလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ်...


လှိုင်သာယာ စက်မှုဇုန်များတွင် တလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတခုတွင် အလုပ်သမား ၁၀၀ ခန့်က ယခုလ ရ ရက်နေ့တွင် ဆန္ဒပြခဲ့သလို၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

''အရင်က အလုပ်ခွင်မှာ အလုပ်သမားတွေ မကြာခဏ ထိခိုက် ဒဏ်ရာရတာတွေ ရှိတယ်။ လက်သန်းတွေ ပြတ်တာ စသဖြင့်ပေါ့။  သူဋ္ဌေးကပေးတဲ့ လျော်ကြေးငွေက ရသင့်တာလောက် မရတာ ရှိတယ်'' ဟု စက်မှုဇုန် အလုပ်သမား ကြီးကြပ်ရေး ကော်မတီ အရာရှိတဦးက ပြောသည်။

အလုပ်သမား ဆန္ဒပြမှုများ ခပ်စိပ်စိပ် ပေါ်ထွက်လာနေသည့် လှိုင်သာယာ စက်မှုဇုန်များတွင် အလုပ်သမား ကြီးကြပ်ရေး ကော်မတီက ကိုင်တွယ် ဖြေရှင်းရန် စစ်အစိုးရက ကြိုးစားနေသည်။

သို့သော် လွန်ခဲ့သော ၅ နှစ်ခန့်ကပင် ကော်မတီကို ဖွဲ့စည်းထားသော်လည်း ထိရောက်သော ဖြေရှင်းမှုများ ပြုလုပ်ပေးခြင်း မရှိခဲ့ကြောင်း အလုပ်သမားများဘက်က ဆိုကြသည်။

''ကော်မတီအနေနဲ့ ဒီကိစ္စတွေကို ဖြေရှင်းပေးတယ် ဆိုတာကို အလုပ်သမားတွေ မသိတာလည်း ပါတယ်။ သူတို့အတွက် ဖြေရှင်းပေးမယ့်အဖွဲ့ ရှိတယ်ဆိုတာ အခုလို ဆန္ဒပြတာတွေ ဖြစ်လာတော့မှ သိကြတာ'' ဟု ကော်မတီ အဖွဲ့ဝင်က ပြောသည်။

သူက ဆက်ပြီး ''အထည်ချုပ် အလုပ်သမား တယောက်ရဲ့ ဝင်ငွေက တကယ်တော့ တဦးတည်းသမား အတွက်တောင် အနိုင်နိုင် စားသောက် နေထိုင်နိုင်တာ ဖြစ်တယ်။ သူတို့ရဲ့ တနေ့ ဝင်ငွေဟာ အနည်းဆုံး ၂၀၀၀ ကျပ် ရှိခဲ့ရင်တောင် မလောက်င နိုင်ပါဘူး။ ဒါ့ကြောင့် သူတို့တောင်းဆိုမှုတွေကို ကျနော်တို့ကော်မတီက သေသေချာချာ စိစစ်ပေးပြီး ကူညီဖြေရှင်းပေးသွားမှာ ဖြစ်တယ်''  ဟု ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင် လုပ်သား အင်အား ၅၀၀၀၀ (ငါးသောင်း) မှ ရ၀၀၀၀ အတွင်း ရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်ကာ အအေးခန်း စက်ရုံများ၊ အထည်ချုပ် စက်ရုံများ၊ စားသောက်ကုန် ထုတ်လုပ်သော စက်ရုံများ၊ သစ်အချောထည် စက်ရုံများ၊ ဓာတုဗေဒ စက်ရုံများ၊ အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံများ စသည့် စက်ရုံ အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိသည့်အနက် ၄၀၀ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဆိုအရ သိရသည်။

''အခုနှစ်ကတော့ အစိုးရအနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲ ရှိနေတဲ့အတွက် ဆူပူမှုတွေ ဖြစ်လာမှာကို မလိုလားဘူးလေ။ ဒါ့ကြောင့် လှိုင်သာယာက အလုပ်သမားတွေဖြစ်တဲ့ ပြဿနာကို ကျနော်တို့ ကိုယ်တိုင် ကွင်းဆင်းပြီး ကူညီ ဖြေရှင်းပေးလိုက်တယ်။ အလုပ်ရှင်ကလည်း သူ့လုပ်ငန်း အကျိုးစီးပွားက ၂၀၀၈ နောက်ပိုင်းမှာ လုံးဝ တွက်ခြေမကိုက်တဲ့အတွက် အရှုံးပေါ်နေတဲ့ အနေအထားကို ရောက်နေတယ်။ ဒါ့ကြောင့် တောင်းဆိုတဲ့ လုပ်အားခကိ်ု ပေးမယ်လို့ ပြောပြီးမှ မပေးတော့တာ ဖြစ်တယ်လို့ သိရတယ်။ ဒါကြောင့် ပြဿနာတွေ တက်တာ ဖြစ်တယ်'' ဟု ကော်မတီ အရာရှိက ပြောသည်။

လှိုင်သာယာ စက်မှုဇုန် အလုပ်သမားများ၏ နေ့စဉ်ကြေး၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး စသော လုပ်အားခများ တိုးမြှင့် တောင်းဆိုရမည့် စက်ရုံများမှာ အထည်ချုပ် စက်ရုံများ ဖြစ်သော်လည်း လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်မဖြစ်၍ တွက်ခြေမကိုက် ဖြစ်နေကြသော စက်ရုံများမှာလည်း အထည်ချုပ် စက်ရုံများ ဖြစ်နေသည်။

''၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး ဂယက်ဟာ ၂၀၁၀ ကို ရောက်သည့်တိုင်အောင် နာလန်မထူနိုင်သေးဘူးလို့ ပြောလို့ ရတယ်။ အခု အော်ဒါတွေလည်း အရင်လို မရဘူး။ ကိုယ်တိုင် တင်ပို့မယ့် နိုင်ငံတွေမှာလည်း စျေးကွက် အနေအထားက ကျနေတယ်။ ဒါ့ကြောင့် ကျနော့်စက်ရုံအနေနဲ့ အလုပ်သမားတွေကသာ တခုခု တောင်းဆိုမှုတွေ လုပ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲလို့ တွေးပူမိတယ်'' ဟု ရန်ကုန် စက်မှုဇုန်အတွင်းရှိ အေဝမ်း အထည်ချုပ် စက်ရုံ တာဝန်ခံက ပြောသည်။

ရန်ကုန်တိုင်းတွင် စက်မှုဇုန် ၁၉ ဇုန်ရှိပြီး ယင်းတွင် လာရောက်လုပ်ကိုင်သော အောက်ခြေဝန်ထမ်း အများစုမှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ ဖြစ်ကြသည်။

စက်မှုဇုန် ၉ ဇုန်တွင် အလုပ်သမား တသိန်းခွဲကျော် ရှိမည်ဟု ရန်ကုန် စက်မှုဇုန် အုပ်ချုပ်မှု ကော်မတီ အဖွဲ့ဝင် တဦးက ခန့်မှန်း ပြောဆိုသည်။

Most read this week