တက်ကြွသူများ ထောင်ဒဏ် ရ၁ နှစ်အထိ အမြင့်ဆုံး ကျခံရ

တက်ကြွသူများ ထောင်ဒဏ် ရ၁ နှစ်အထိ အမြင့်ဆုံး ကျခံရ
by -
မြင့်မောင်
မန္တလေး အိုးဖိုထောင်တွင် ၃ လခန့် အချုပ်ခံထားရသည့် မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၅ ဦးကို  ထောင်တွင်း တရားရုံးက...

နယူးဒေလီ (မဇ္စျိမ)။     ။ မန္တလေး အိုးဖိုထောင်တွင် ၃ လခန့် အချုပ်ခံထားရသည့် မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၅ ဦးကို  ထောင်တွင်း တရားရုံးက ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ရ၁ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မြင်းခြံ၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တွင် အထူး ရဲသတင်းတပ်ဖွဲ့က အကြောင်းပြချက်မရှိ သူတို့ကို ဖမ်းဆီးသွားခဲ့သလို၊ မိသားစုများနှင့်ပါ တွေ့ဆုံခွင့်မပြုဘဲ ယခုလို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် ထောင်ဝင်စာ စတင်တွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောပြခြင်း ဖြစ်သည်။  

“ကိုမျိုးဟန် (မြင်းခြံ) က အမှု ၁၀ မှုနဲ့ ပြစ်ဒဏ် ၅၁ နှစ် ချလိုက်တယ်။ ၆ ရက်နေ့က သူ့အမေ ထောင်ဝင်စာ သွားတွေ့ခဲ့တယ်။ ကိုမျိုးဟန်နဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့် မရခဲ့ဘူး” ဟု မိသားစုဝင်နှင့် နီးစပ်သူ တဦးက ပြောသည်။

ကိုမျိုးဟန်ကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ၁၅ နှစ်၊  မတရားအသင်း ၃ မှုဖြင့် ၉ နှစ်၊ နိုင်ငံတော် လုံခြံုရေးကို ထိခိုက်ရန် လှုံံ့ဆော်မှုဖြင့် ၂ နှစ်၊ ပုံနှိပ်အက်ဥပဒေ ၂ မှုဖြင့် ၁၄ နှစ်၊ အသင်းအဖွဲ့ပုဒ်မ ၂ ခုဖြင့် ၈ နှစ်၊ ရုပ်မြင်သံကြား ဥပဒေဖြင့် ၃ နှစ် စသဖြင့် စုစုပေါင်း ၅၁ နှစ် ချမှတ်ခဲ့ကြောင်း ရှေ့နေ ဦးမြင့်သွင်ထံမှ အသေးစိတ် သိရသည်ဟု သူက ပြောဆိုသည်။

ကျန်ရှိသည့် မြင်းခြံမြို့မှ ဖြစ်ကြသည့် ဦးနန္ဒဝံသ ခေါ် ကိုအောင်နိုင်ဦးကို ရ၁ နှစ်၊ ဒေါက်တာဝင့်သူ ၂၈ နှစ်၊ ကိုကြည်စိုး ၂၂ နှစ်၊ ကိုစိုးရာဇာဖြိုး ၁၄ နှစ်၊ ကိုလှမျိုးကျော် ၁၄ နှစ်၊ ကိုကိုနိုင် ၂၈ နှစ်၊ ကိုသန်းထိုက်အောင် ၃၅ နှစ်၊ ကိုဝေဖြိုး ၁၁ နှစ် ချခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့်အပြင် နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီခဲ့သူများလည်း ဖြစ်သည်။

ညောင်ဦးမှ ကိုမျိုးမင်းသန့် ၁၅ နှစ်၊ ဦးဇော်ဇော် ၅ နှစ်၊ ကိုကျော်ထွန်းလင်း ၅၂ နှစ်၊ ကျောက်ပန်းတောင်းမှ ကိုရဲခေါင် ၁၉ နှစ်နှင့် မချိုချိုသန်း ၈ နှစ် ပြစ်ဒဏ်ချသည့်အပြင် ကျောက်ပန်းတောင်းမြို့ သုခဝတီ ကျောင်းတိုက်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဦးဇောတိကကို ပြီးခဲ့သည့်လ ၁၀ ရက်နေ့က နိုင်ငံတော် လုံခြံုရေးကို ထိခိုက်ရန် လှုံံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဆက်သွယ် လုပ်ကိုင်သည်ဟု စွပ်စွဲကာ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင်၍ ပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

သူတို့အားလုံးအတွက် ရှေ့နေ ဦးမြင့်သွင်နှင့်အတူ ရှေ့နေ ဦးကျော်စိုးလင်းက လိုက်ပါ ဆောင်ရွက်နေကာ၊ ရှေ့နေများက ဆက်လက်၍ ပြင်ဆင်ခွင့် အယူခံ ဝင်သွားမည် ဖြစ်သည်။