ရန်ကုန်တိုင်း မြို့နယ်အချို့၌ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အသက် ၁၈ နှစ်နှင့် အထက် လူစာရင်းများ ကောက်ခံနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။
အလုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဒဂုံနှင့် သုံးခွမြို့နယ်များ၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ရာအိမ်မှူးများ၊ ရယက ရပ်ကွက် ကောင်စီဝင်များက စာရင်းကောက်ခံခြင်း ဖြစ်သည်။
“ရပ်ကွက်က ရာအိမ်မှူးတွေက အသက် ၁၈ နဲ့ ၁၈ အထက်ပေါ့ဗျာ၊ ရွေးကောက်ပွဲမှာ မဲပေးဖို့လို့ပဲ ပြောတယ်။ ကျန်တာတော့ ဘာမှ ပြောမသွားဘူး။ အိမ်ထောင်စုစာရင်း မိတ္တူ တစောင်စီ ပေးလိုက်ရတယ်။
စာရင်းထဲမှာတော့ အိမ်ကလူ အကုန်ပါသွားတယ်။ အားလုံးက ၁၈ ကျော်နေပြီလေ” ဟု အင်းစိန်မြို့နယ်မှ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
ရွှေပြည်သာမြို့နယ်မှ ဒေသခံကလည်း “အိမ်မှာ ရာအိမ်မှူးနဲ့ ရယက လာပြီးတော့ အိမ်ထောင်စု စာရင်း မိတ္တူ တောင်းတယ်။ ဘာလုပ်ဖို့လဲလို့မေးတော့ မဲပေးဖို့အတွက်တဲ့။ ပြီးခဲ့တဲ့ အပတ်ထဲကပဲ။ အိမ်က အသက်ပြည့်ပြီးသား ၅ ယောက်ကိုလည်း စာရင်း မှတ်သွားတယ်” ဟု ပြောသည်။
အလုံ၊ တောင်ဒဂုံနှင့် သုံးခွမြို့နယ်များတွင်လည်း ထိုကဲ့သို့ စာရင်း ကောက်ခံမှုများ ရှိခဲ့သည်။ ဤသတင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် သက်ဆိုင်ရာမြို့နယ် မယက ကောင်စီရုံး အချို့ကို ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။
ရန်ကုန်တိုင်း ကျောက်တံတား၊ လသာ၊ ကမာရွတ်၊ လှိုင်သာယာ၊ လှိုင်နှင့် မရမ်းကုန်း မြို့နယ်များရှိ ဒေသခံများကို မေးမြန်းကြည့်ရာ ၎င်းတို့ မြို့နယ်တွင်း၌ ယခုလို မဲစာရင်း ကောက်ခံခြင်းမျိုး မရှိသေးကြောင်း ပြောဆိုကြသည်။
''ကျနော်တို့ မြို့နယ်မှာ ကောက်ခံခြင်း မရှိသေးပါဘူး။ အထက်ကလည်း ညွှန်ကြားတာမျိုး မရှိသေးဘူးခင်ဗျ'' ဟု ကျောက်တံတား မြို့နယ်ရှိ မယကရုံးမှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။
လူဦးရေ စာရင်းကို ဒေသ အာဏာပိုင်များက လိုက်လံ ကောက်ခံနေသော်လည်း စစ်အစိုးရကမူ ယခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်း မရှိသေးပါ။