၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု ဗြိတိန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြောဆိုသည်။
သူတို့က ယခုလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ‘မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ညီလာခံ’ ကို ကျင်းပခဲ့ပြီးနောက်၊ စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ အခြေခံ ရပိုင်ခွင့်နှင့် တန်းတူညီမျှမှု မရှိခြင်း၊ နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ညီလာခံ တက်ရောက်သည့် Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိမ်းက ပြောသည်။
“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရရအောင် ကျနော်တို့ ဖျက်ရမယ်။ ဘယ်လို အတိုင်းအတာပဲဖြစ်ဖြစ် မရရအောင် ဖျက်ကိုဖျက်ရမှာက ကျနော်တို့ တာဝန် ဖြစ်တယ်” ဟု သူက ဆိုသည်။
“ဒီဥပဒေကို အတည်ပြုလိုက်ပြီး အသက်သွင်းလို့ရှိရင် ပြည်သူတွေ စစ်အာဏာရှင် စနစ်အောက်မှာ တသက်လုံး ကျွန်ဆက်ခင်းသွားရမယ် ဆိုတဲ့ဟာကို ပြည်သူတွေ အားလုံး ပိုမိုသိရှိပြီးတော့ ကိုယ့်အခွင့်အရေးကို ပိုပြီး တိုက်ယူရဲလာအောင်၊ တောင်းယူရဲအောင် သတင်းတွေကို ဖြန့်ဖြူး လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သူက ဆိုသည်။
ဗြိတိန် အခြေစိုက် ချင်းလူမျိုးများနှင့် မြန်မာခရစ်ယာန် ဘာသာဝင်များကို ကိုယ်စားပြု တက်ရောက်ခဲ့သည့် သိက္ခာတော်ရ ရွှီကီးဟွေပန် (Rev. Shwekey Hoipang) ကလည်း တိုင်းရင်းသား လူမျိုးများကို မကာကွယ်နိုင်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြုပြင်သင့်ကြောင်းနှင့် မပြုပြင်လျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြောသည်။
"ဒီဖွဲ့စည်းပုံက ကျနော်တို့ ချင်းတိုင်းရင်းသားများပါမက တိုင်းရင်းမျိုးနွယ်စုတွေကို လုံခြံုမှု၊ ကာကွယ်မှု မပေးနိုင်ဘူး။ ဒါကြောင့် မြန်မာပြည်အတွက် အကျိုးမရှိတဲ့အတွက် ပြုပြင်ရမယ်။ မပြုပြင်ရင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး" ဟု သူက မဇ္စျိမကို ပြောသည်။
ညီလာခံကို ဗြိတိန် အခြေစိုက် ဥရောပနိုင်ငံများရှိ မြန်မာလူမျိုးများဖိုရမ် (Forum of Burmese in Europe - UK) မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုဖိုရမ်ထဲတွင် BDC လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
BDC သည် လန်ဒန်အခြေစိုက် အဖွဲ့တခုဖြစ်ပြီး၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နာယကများအဖြစ် ဆရာတော် ဦးဥတ္တရ၊ ဒေါက်တာ ဆလိုင်း ထွန်းသန်း၊ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်၊ ကချင်အမျိုးသား ဒူးဝါး M Zaw Aung ၊ ဒေါက်တာ ခင်ဝင်းနွယ်၊ ဒေါက်တာ ခင်စိန် စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။
ညီလာခံသို့ Burma Campaign UK ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB (ဥရောပ) ၊ မြန်မာမူဆလင်အဖွဲ့ BMA ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ IBMO ၊ မြန်မာရိုဟင်ဂျာအဖွဲ့၊ မြန်မာအမျိုးသမီးများ (ဗြိတိန်) စသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ဗြိတိန်အခြေစိုက် တိုင်းရင်းသား ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ရာ လူအင်အား ၆၀ ခန့် ရှိသည်။
၂၀၀၈ အခြေခံ ဥပဒေတွင် အုပ်ချုပ်ရေး ကဏ္ဍတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးပါက စစ်တပ်ကြီးစိုးသည့် နိုင်ငံရေး စနစ်မျိုးကိုသာ ဖော်ဆောင်လိမ့်မည်ဟု ညီလာခံ တက်ရောက်သူများက ယုံကြည်ကြသည်။ ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့်ပါ ကိုက်ညီမှု မရှိသဖြင့် ပြန်လည် ပြုပြင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။
“အခြေခံ ဥပဒေကြီး ဒီအတိုင်းဖြစ်နေရင် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုမှ မဝင်သင့်ဘူးဆိုတဲ့ အခြေခံမူက ရှိတယ်ခင်ဗျ။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေက တညီတညွတ်တည်း သဘောတူထားတယ်ခင်ဗျ။ ပြည်သူတွေဘက်ကလည်း ဒီကိစ္စတွေဟာ တရားသလား၊ မတရားဘူးလားဆိုတဲ့ အချက်အပေါ် သေချာ ဆုံးဖြတ်နိုင်အောင် ကျနော်တို့ သတင်းစကား ပေးသွားမှာပါ” ဟု ဦးမျိုးသိမ်းက ပြောသည်။
ယခုလ ၂၁ နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ လာမည့်နှစ်တွက် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည် မဟုတ်ကြောင်း ရေးသားထားသည်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း လမ်းပြမြေပုံပါ ရ ချက်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု မကြာသေးခင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် ကျင်းပမည်ကို သူက အတိအကျ မပြောသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများလည်း ထုတ်ပြန်ခြင်း မရှိသေးပါ။
၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးလျှင် စစ်တန်းလျား ပြန်မည်ဟု ကတိပြုခဲ့သည့် စစ်အစိုးရ၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရန် ဦးမျိုးသိမ်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်ရတော့ အာဏာ လွှဲမပေးတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့ဆက်လုပ်ဖို့ လုပ်နေတာဟာ အဓိပ္ပာယ်ရှိပါသလား၊ ပြောနေတဲ့လူတွေရဲ့ စကားကရော Credibility (ယုံကြည်လက်ခံနိုင်စွမ်း) ရှိပါသလား၊ accountability (တာဝန်ခံမှု) ရှိပါရဲ့လားဆိုတာ ဒါကို ပြန်သုံးသပ်ဖို့ လိုပါမယ်” ဟု သူက ဆိုသည်။
ထိုညီလာခံကို လာမည့်လအတွင်း ဥရောပနိုင်ငံများရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံကာ လုပ်ငန်းများ ခွဲဝေပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး လှုပ်ရှားမှုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။