စစ်အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေး ခံနေရသော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က အရေးပေါ် တပ်တိုးချဲ့ ပြင်ဆင်မှုများ ရှိနေသည်ဟု လေ့လာသူများက ပြောသည်။
ယခင်က ဝ တပ်အတွင်း တာဝန် ထမ်းဆောင်ဖူးပြီး တရုတ်ပြည်တွင်း သွားရောက် အခြေချ နေထိုင်နေသည့် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ခေါ်ယူလိုက်ခြင်းဖြစ်သည်။
“ကျေးရွာ၊ မြို့နယ်၊ ခရိုင်အုပ်စုအလိုက် အရင်က စစ်သားဟောင်းတွေ ပြန်ခေါ်တယ်။ တရုတ်ပြည်ထဲမှာ ရှိတဲ့ ဗကပ လက်ထက်ကတည်းက အနားယူထားတဲ့ အသက် ၄၀-၅၀ အရွယ် သူတို့ရဲ့ ရောင်းရင်း ရဲဘော်ဟောင်းကြီးတွေကို အကုန်လုံး ပြန်ခေါ်တာပေါ့” ဟု ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေသော ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္စျိမကို ပြောသည်။
အင်အား မည်မျှတိုးလာခဲ့သည်ကိုမူ အသေးစိတ် ပြောပြနိုင်ခြင်း မရှိသော်လည်း UWSA တွင် စစ်သည် အင်အား ၃ သောင်းခန့် ရှိမည်ဟု ယခင်က ခန့်မှန်းကြသည်။
ဝ လူမျိုးဦးရေ ရ သိန်းခန့်ရှိရာ ၄ သိန်းကျော် မြန်မာပြည်အတွင်း နေထိုင်ကြပြီး ကျန် ၃ သိန်းခန့်သည် တရုတ်ပြည်တွင် အခြေချနေထိုင်ကြသည်။
“အခုနေရာ အသီးသီးမှာ ခေါ်နေတာပဲ။ သူတို့ ကျွမ်းကျင်တဲ့ဘက်မှာ တာဝန်ပေးမှပေါ့။ ထောက်ပံ့ရေး၊ တိုက်ခိုက်ရေး၊ လက်နက်ခဲယမ်း စသဖြင့်အားသန်တဲ့ နေရာအသီးသီးမှာ သူတို့ အသုံးပြုဖို့ပေါ့။ အထူးသဖြင့် လူသစ်တွေ ထိန်းဖို့ပေါ့။ ပြည်သူ့စစ်တွေ၊ တပ်ထဲမှာ ကောက်ထားတဲ့ တပ်သားသစ်တွေကို ထိန်းကျောင်းပေးဖို့ပေါ့။ အထဲသတင်း ထွက်လာတာကတော့ တဖွဲဖွဲလာနေကြပြီ လို့တော့ ပြောတယ်” ဟု ဦးစိန်ကြည်က ဆက်ပြောသည်။
ယခင်လ ၁၄ ရက်နေ့တွင် နအဖ ထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့် ဝ တပ်မတော် အကြီးအကဲများ တန့်ယန်းမြို့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြပြီး ဝ ဘက်မှ တောင်းဆိုမှုများအား မလိုက်လျောနိုင်သဖြင့် တပ်တွင်း ထပ်မံဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ထပ်ပေးခဲ့သည်။
သို့သော်လည်း ဝ တပ်တွင်းမှ လာသည့်သတင်းများအရ စစ်အစိုးရအား တောင်းဆိုထားသည့် အချက် ၉ ချက်အား ပြင်ဆင် လျော့ပေါ့ပေးသွားမည် မဟုတ်ဟု သိရကြောင်း ဦးစိန်ကြည်က ပြောသည်။
ဒေသတွင်း စစ်အစိုးရ တပ်များနှင့် မျက်နှာချင်းဆိုင် နေရာများဖြစ်သည့် မန်တုံ၊ ဟိုပန်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ တန့်ယန်းမြို့ လမ်းကြောင်းနှင့် ကျိုင်းတုံ အရှေ့မြောက်ဘက် တလျောက်တွင် ဝ တပ်ဘက်က ကတုတ်ကျင်း တူးခြင်း၊ လမ်းများ ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝ တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် တရုတ်-မြန်မာနယ်စပ် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဝ တပ်ထဲတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပြီး တပ်သားဟောင်း ပြည်သူ့စစ်တွေကို တပ်လှန့်ထားကြောင်း ပြောသည်။
“ စစ်သားဟောင်းတွေက အသက်အရွယ်အရ သော်လည်းကောင်း အခြေအနေအရ သော်လည်းကောင်း
အနားယူ သွားကြတာ။ အများစုက စစ်မတိုက်ဖူးတဲ့ လူတွေမဟုတ်ဘူး။ အားလုံးက စစ်တိုက်ဖူးတဲ့ လူတွေ ဖြစ်တယ်။ တခါတလေ ပြည်သူ့စစ်က တပ်ထက်ပိုပြီးအသုံးတည့်တယ်။ သူတို့ရဲ့ တို်က်ရည်ခို်က်ရည်က အများအမြင်တပ်တွေထက် ပိုပြီးတော့ကောင်းတယ်” ဟု ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
ယခုလ ရ ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ချန်ဒူးစစ်ဒေသမှ Lieutenant General Ai Husheng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ၌ လာရောက် တွေ့ဆုံသည်။
ယင်းအပြင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့နှင့် တွေ့ဆုံသွားခဲ့ရာ ဝ အရေးကိစ္စသာ ဖြစ်ဖွယ်ရှိကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်သည်။
တရုတ် မြန်မာနယ်စပ် တလျှောက်တွင် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ရှိနေခြင်းကြောင့် လည်းကောင်း၊ မြန်မာအစိုးရက တိုင်းရင်းသား သူပုန်တပ်ဖွဲ့များကို ယခုနှစ်မကုန်မီ လက်နက်ချရန် တောင်းဆိုခဲဲ့ခြင်းကြောင့် ယင်းတို့အကြား စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာနေပြီး သူတို့၏အနာဂါတ်အတွက် မရေရာမှုများ ပေါ်ထွက်ခဲ့သည်ဟု ကုလ အဖွဲ့ကပြောသည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ လက်နက်ကိုင် တိုင်းရင်းသားများသည် လက်နက်များ ဝယ်ယူနိုင်ရန်အတွက် ဘိန်းနှင့် အခြားမူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေပြီး မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ၅၀ ရာခိုင်နှုန်းခန့် တိုးမြင့်တက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။
အပစ်ရပ်အဖွဲ့များဖြစ်သော တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ လက်နက်ကိုင် အဖွဲ့များဖြစ်သော ဝ နှင့် ကချင်တို့က လက်နက်ဝယ်ဖို့ မူးယစ်ဆေးဝါးတွေကို ရောင်းချနေကြတယ်။ သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ရှာမတွေ့အောင် နေရာရွှေ့ပြောင်းတာတွေ လုပ်နေကြတယ်´ဟု သြစတြေးလျနိုင်ငံ မြို့တော် ဗီယင်နာ အခြေစိုက် ကုလ မူးယစ်ဆေးဝါး အေဂျင်စီအကြီးအကဲ အန်တိုနီယိုမာရီယာ (Antonio Maria) က သူတို့အဖွဲ့၏ နောက်ဆုံး အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။