မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော

မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
by -
မုံပီး

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းကြောင့် သန်းနှင့်ချီသော ကျောင်းသားများ ကျောင်းမှ ထွက်ကြရပြီး အနာဂတ် မျိုးဆက်သည် `အန္တရာယ်တွင်း´ သို့ ကျရောက်နေသည်ဟု နိုင်ငံတကာ အလုပ်သမားသမဂ္ဂ...

 

နယူးဒေလီ (မဇ္ဈိမ)။     ။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းကြောင့် သန်းနှင့်ချီသော ကျောင်းသားများ ကျောင်းမှ ထွက်ကြရပြီး အနာဂတ် မျိုးဆက်သည် `အန္တရာယ်တွင်း´ သို့ ကျရောက်နေသည်ဟု နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ကြီးတခုက ပြောဆိုလိုက်သည်။

တကမ္ဘာလုံးမှ အလုပ်သမားများ၏ ကွန်ရက် အဖွဲ့အစည်းကြီးဖြစ်သော နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ ကွန်ဖက်ဒရေးရှင်း (ITUC) က မကြာသေးမီက ထုတ်ပြန်လိုက်သော `မြန်မာကလေးများ-မျိုးဆက်တဆက် စတေးခံရခြင်း´ ဆိုသည့် အစီရင်ခံစာတွင် စစ်အစိုးရက ပညာရေးနှင့် ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက် မရှိသောကြောင့် မြန်မာ့အနာဂတ်မျိုးဆက်မှာ အန္တရာယ်တွင်းသို့ ကျရောက်နေသည်ဟု ရေးသားထားသည်။

စစ်အစိုးရသည် စုစုပေါင်း ပြည်တွင်းထွက်ကုန် (GDP) ၏ ၄၀ % ကို စစ်ရေးအတွက် အသုံးပြုနေပြီး ပညာရေးအတွက် ၀.၉ % နှင့် ကျန်းမာရေးအတွက် ၀.၅ % သာ အသီးသီးအသုံးပြုသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

''စစ်အစိုးရက ပညာရေးအတွက် မဖြစ်စလောက်မျှသာ အသုံးပြုနေပြီး အစိုးရဘတ်ဂျက်၏ အများစုကို စစ်တပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး ဗိုလ်ချုပ်ကြီးများသည် မြန်မာပြည်သူများအတွက်၎င်း၊ အနာဂတ် မျိုးဆက်များအတွက်၎င်း ထည့်သွင်းစဉ်းစားသည်ဟု ယုံကြည်ရန် အကြောင်းမရှိပါ'' ဟု အဆိုပါ စာအုပ်ကို ရေးသားသူ Samuel Grumiau က မဇ္ဈိမကို ပြောသည်။

မြန်မာပြည်သူများသည် သူတို့ကလေးများ၏ ပညာရေးကို အစဉ်အမြဲ အလွန်တန်ဖိုးထားသော်လည်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုချို့တဲ့ခြင်း၏ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသော ပညာသင်ကာလမပြီးဆုံးမီ ကျောင်းထွက်ရသူများ၏ နှုံးထား အလွန်မြင့်မားလာခြင်းကြောင့် စာမတတ်သည့် အနာဂတ်မျိုးဆက်ကို မွေးထုတ်ပေးနေသည်ဟု Grumiau က ပြောသည်။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း၊ စီးပွားရေးအခြေအနေ ပျက်စီးယိုယွင်းခြင်း၊ ကလေးအလုပ်သမားများ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးများသည် ကျောင်းကို သွားရမည့်အစား အလုပ်ခွင်ထဲသို့သာ ရောက်ကုန်ကြသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံရှိ ကျောင်းမတက်နိုင်သည့်၊ ကျောင်းတက်ရန် မတတ်နိုင်သည့် သန်းပေါင်းများစွာသော ကလေးများသည် ကလေးလုပ်သားများအဖြစ်သာ ဘဝဆုံးကြရသည်ဟု Grumiau က ဆိုသည်။ အချို့သော အဆိုးရွားဆုံး ဖြစ်ရပ်များတွင်မူ အဆိုပါ ကလေးအလုပ်သမားများသည် သူတောင်းစားဘဝ၊ ပြည့်တန်ဆာဘဝ ရောက်ကြရပြီး အချို့မှာ အလွန်အန္တရာယ်များသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြရသည်ဟု ပြောသည်။

''ထောင်ပေါင်းများစွာသော အဆိုပါ ကလေးများမှာ မြန်မာစစ်တပ် အပါအဝင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများအတွင်းသို့ သိမ်းသွင်းစုဆောင်းခြင်း ခံကြရသည်'' ဟု သူက ဆက်လက်ပြောဆိုသည်။

''ပညာရေးနဲ့ လူထုစားဝတ်နေရေးကို မြှင့်တင်ရမှာ အစိုးရရဲ့ တာဝန်ဖြစ်တာကြောင့် စစ်အစိုးရက အာဏာကို ဆက်လက်ကိုင်စွဲထားဖို့ ပိုင်းဖြတ်ချက်ချထားခြင်းဟာ ကလေးအလုပ်သမားကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်'' ဟုလည်း ဘရပ်ဆဲလ်မြို့မှ Grumiau က မဇ္ဈိမကို ပြောသည်။

အလုပ်သမားများမှာ အလုပ်သမားအဖွဲ့အစည်းများ မရှိခြင်းကြောင့် လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းရန်၊ တောင်းဆိုရန် အခွင့်အရေး မရဟုလည်း သူက ပြောသည်။ ထို့ကြောင့် လုပ်ခလစာ အလွန်အမင်း နိမ့်ကျခြင်းများ ပေါ်ပေါက်လာပြီး မိသားစုစားဝတ်နေရေးအတွက် မိဘများက သူတို့ကလေးများကို အလုပ်ခွင်ထဲသို့ သွတ်သွင်းကြရသည်ဟုလည်း သူက ပြောသည်။

ဥပမာအားဖြင့် ဆရာများ၏ လုပ်ခလစာမှာ မငတ်ရုံတမယ်သာရှိသဖြင့် အပိုဝင်ငွေရှာသည့်အနေနှင့် ကလေးများကို ကိုယ်ပိုင်ကျူရှင်ဟူ၍ သင်တန်းများ ပေးကြရသည်။ ကလေးများက ထိုသင်တန်းများအတွက် သင်တန်းကြေး သပ်သပ်ပေးကြရသည်။ ပိုက်ဆံတတ်နိုင်သော ကလေးများက ကျူရှင်တက်ပြီး စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရကြသည်။ မတတ်နိုင်သူတို့မှာ စာမေးပွဲကျကြပြီး ကျောင်းမှထွက်ကာ အလုပ်ထဲဝင်ရသည့် အခြေအနေ ရောက်ကုန်ကြသည်။

''ဒီစနစ်က စာမေးပွဲအောင်လက်မှတ်တွေ ရောင်းနေသလိုပဲ။ ကျနော်နဲ့ တွေ့ဆုံခဲ့တဲ့ ဆရာတွေက ဒီစနစ်အပေါ် အရမ်းဝမ်းနည်း စိတ်ပျက်ကြတယ်။ သူတို့လစာ သင့်တော်မျှတရုံလေးလောက် ရမယ်ဆိုရင်တောင် ဒါမျိုး ဘယ်တော့မှ ကျူရှင်ပေးစားကြမှာ မဟုတ်ဘူး'' ဟု Grumaiu က ပြောသည်။

ITUC အစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ ၅၇ သန်း၏ ၂၅ % မှာ အသက် ၁၄ နှစ်အောက် ဖြစ်ကြပြီး၊ ၄ဝ % မှာ ၁၈ နှစ်အောက် ဖြစ်ကြသည်။ အသက် ၅ နှစ် မှ ၁၃ နှစ်အကြား ကလေး အနည်းဆုံး ၄ သန်းသည် ၂ဝဝ၆ ခုနှစ်အတွင်း ကျောင်းတက်ခြင်း မရှိကြဟု ခန့်မှန်းဖော်ပြထားသည်။

မြန်မာနိုင်ငံမှ စစ်အစိုးရအဆက်ဆက်၏ စီးပွားရေးမူဝါဒများကြောင့် တိုင်းပြည်မှာ ဆင်းရဲတွင်းနက်ခဲ့ရသည်။ လူဦးရေ စုစုပေါင်း၏ ၉၅ % ကျော်မှာ တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိကြပြီး ၉ဝ % မှာ တနေ့လျှင် ၆၅ ဆင့်သာ ဝင်ငွေရှိကြသည်ဟု အစီရင်ခံစာက ဆိုသည်။

စာတွေ့အရ မြန်မာနိုင်ငံတွင် ၄ တန်းအထိ (မူလတန်းပြီးဆုံးသည်အထိ) အခမဲ့ မသင်မနေရ ပညာရေး ဥပဒေအရ ရှိသည်ဟု ဆိုသော်လည်း ဆင်းရဲမွဲတေမှုအဆင့်အောက်ရှိ မိဘအများစုမှာ မိသားစု စားဝတ်နေရေးအတွက် ကလေးများ၏ လုပ်အားနှင့် လုပ်ခလစာကို မှီခိုနေရသည့် အခြေအနေတွင် ရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။

ကလေးလုပ်သားများမှာ အလုပ်မျိုးစုံ လုပ်ကြရသည်။ အမှိုက်ပုံတွင် အမှိုက်ကောက်ခြင်းများ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် စားပွဲထိုးလုပ်ခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းစေခြင်း၊ အိမ်ဖော်လုပ်ခြင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ သတ္တုတွင်းများတွင် လုပ်ကိုင်ခြင်း စသဖြင့် အလုပ်မျိုးစုံ လုပ်ကိုင်ကြရသည်။ အချို့ဆိုလျှင် ပြည့်တန်ဆာအဖြစ်ပင် လုပ်ကိုင်ကြရသည်ဟု အစီရင်ခံစာက ရေးသားထားသည်။

ထို့ပြင် ကလေးများမှာ အာဏာပိုင်များ၏ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကိုလည်း မကြာခဏ ခံကြရသည်ဟု အစီရင်ခံစာက ဆိုသည်။ အထူးသဖြင့် အလုပ်လုပ်နိုင်မည့် လူကြီးများ မရှိသည့်အချိန်တွင် သူတို့ကို ခေါ်ယူခိုင်းစေသည်ဟု ပြောသည်။ ထို့ပြင် သူတို့ကို စစ်စခန်းများတွင် ကလေးစစ်သားများအဖြစ်လည်း စုဆောင်းခေါ်ယူထားသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားခန့်မှန်းခြေ ရဝဝဝဝ ကျော် ရှိသည်။ သို့သော် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) ကမူ စစ်အစိုးရက သတင်းစီးဆင်းမှုကို မလွယ်ကူအောင် လုပ်ထားသဖြင့် ကလေးစစ်သား အရေအတွက်ကို အတိအကျ မခန့်မှန်းနိုင် အမြဲပင် ကွဲလွဲနေမည်သာဖြစ်သည်ဟု ပြောဆိုသည်။

'အရေးကြီးတဲ့အချက်က စစ်တပ်ထဲကို ကလေးစစ်သားတွေ စုဆောင်းသိမ်းသွင်းနေတာ ရှိနေတုန်းပဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်'' ဟု HRW ၏ မြန်မာ့ရေးရာ သုတေသီ ဒေးဗစ်စကော့ မက်သီဆန် (David Scott Mathieson) က အစောပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့အနာဂတ်မျိုးဆက်ကို ကယ်ဆယ်ရန် တခုတည်းသော နည်းလမ်းမှာ အလုပ်သမားသမဂ္ဂ အခွင့်အရေးများ အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိအောင် ပြုလုပ်ရေးပင်ဖြစ်သည်ဟု Grumiau က ပြောသည်။

''ဒီမိုကရေစီ အစိုးရတရပ်ကတော့ ပညာရေးအတွက် လုံလောက်သင့်တော်တဲ့ ဘတ်ဂျက်ကို ကလေးတွေအတွက် နိုင်ငံရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတာတွေ လုပ်မှာပဲ'' ဟု သူက ပြောသည်။ ''မြန်မာအလုပ်သမားတွေမှာ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းအရေးဆိုနိုင်တဲ့ အခွင့်အရေးတွေရှိလာရင် သူတို့လုပ်ခလစာ ကောင်းကောင်းရလာမှာပဲဟုလည်း သူက ဆက်လက်ပြောဆိုသည်။

 

 

 

သို့သော် စစ်အစိုးရက သူတို့အာဏာကို လက်မလွှတ်ဘဲ ဆက်လက်ကိုင်စွဲထားရန် ပိုင်းဖြတ်ထားခြင်းကြောင့် နိုင်ငံတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေးနှင့် နိုင်ငံရေးဖိအားများ ဆက်ပေးဖို့လိုသည်ဟုလည်း Grumiau က ပြောသည်။

 

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ''ILO ၏ အဓမ္မလုပ်အားပေးနှင့် ကလေးစစ်သားများ စစ်တပ်တွင်းသို့ စုဆောင်းသိမ်းသွင်းသည့် ကိစ္စများကို ဆန့်ကျင်တိုက်ဖျက်နေသည့် လုပ်ငန်းများတွင်လည်း ထောက်ခံအားပေးမှု ပြုသင့်သည်။ ဒေသတွင်းမှ အင်အားကြီးနိုင်ငံများ (တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင်) တို့က စစ်မှန်သော ဖိအားများပေးမှသာ ဗိုလ်ချုပ်ကြီးများအပေါ် အန္တရာယ်ကျရောက်လာပြီး သူတို့၏ ဆိုးရွားမှားယွင်းသော မူဝါဒများကို ပြန်လည်စဉ်းစားလာစေလိမ့်မည်'' ဟု သူက ဆက်လက်ပြောဆိုသည်။

Most read this week