စီးပွားရေး နိုဘယ်လ်ဆုရှင် နေပြည်တော်ရောက်

စီးပွားရေး နိုဘယ်လ်ဆုရှင် နေပြည်တော်ရောက်
by -
ကျော်သိင်္ခ
စီးပွားရေး နိုဘယ်လ်ဆုရှင် ကိုလံဘီယာတက္ကသိုလ်  ပါမောက္ခ ဂျိုးဇက်စတစ်လဇ်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ကျဆင်းရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ...

မဇ္ဈိမ (ချင်းမိုင်) ။     ။စီးပွားရေး နိုဘယ်လ်ဆုရှင် ကိုလံဘီယာတက္ကသိုလ်  ပါမောက္ခ ဂျိုးဇက်စတစ်လဇ်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ကျဆင်းရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒအတွက် စစ်အစိုးရအရာရှိများနှင့် ဆွေးနွေးရန် အမေရိကန်နိုင်ငံသား ပညာရှင်သည် ရောက်လာခဲ့ခြင်း ဖြစ်သည်။

“မနေ့က မြန်မာပြည်ကို ထွက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနေ့တော့ နေပြည်တော်ကို ရောက်နေမှာပါ။” ဟု အမည်မဖော်လိုသူ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်ရုံုး (ESCAP) မှ အရာရှိတဦးက မဇ္ဈိမသို့ ပြောသည်။

(ESCAP) သည် စီးပွားရေး မစ္စတာ စတစ်လဇ်၏ မြန်မာပြည်ခရီးစဉ်အား ကမကထ ပြုလုပ်သော အဖွဲ့အစည်းဖြစ်သည်။  

မစ္စတာ စတစ်လဇ်၏ ဆွေးနွေးမှုများသည် ကျေးလက်ဒေသကို ဦးစားပေးမည့်အစား စီးပွားရေးနှင့် လူမှုရေးရှုထောင့်များက ဖြစ်သင့်သည်ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဒေါ်ဆင်းသိင်္ဂ ီက ပြောသည်။

“အခုလို ဆွေးနွေးမယ် ဆိုတဲ့အခါကျတော့ ကျေးလက်ဒေသဆိုတာထက် စီးပွားရေးနဲ့ လူမှုရေး ရှုထောင့်ကနေ ဆွေးနွေးသွားရင် ကောင်းမယ်။ နောက်ပြီး ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍရော ဆွေးနွေးဖို့ လိုအပ်တယ်” ဟု ဒေါ်ဆင်းသိင်္ဂ ီက ပြောသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်နေ ပြည်သူလူထု၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက် ဒေသခံလူထုကို အခြေခံသော အဖွဲ့အစည်းများဖွဲ့ရန် လိုအပ်ကြောင်း၊ ကလေးများ၏  ကျန်းမာရေးနှင့် ပညာရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု သူမက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း၌ စျေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေးနှင့် ပတ်သက်၍ “စျေးကွက်ကို တကယ်ဖွင့်ပေးလိုက်ရင် ကောင်းလာမယ်။ လူတွေက မက်လုံးအပေါ်မှာ တုံ့ပြန်မှု ရှိကြတယ်။ ဥပမာ - လယ်သမားတွေကလည်း သူတို့မှာ ဦးနှောက်တော့ ရှိပါတယ်။ သူတို့ပြောတာကိုလည်း နားထောင်ရမယ်လေ။ တခါတလေကျရင် ကိုယ်က အတင်းလုပ်ခိုင်းလို့မရဘူး။ တောင်သူလယ်သမားက ကိုယ့်ထက်ပိုနားလည်တယ်။ သူတို့ဘက်က ဘာပြောလာလဲဆို တာကိုလည်း နားထောင်ရမယ်။ အဲဒီလို ဖွင့်ပေးလိုက်ရင်တော့ ကျေးလက်ဒေသတွေလည်း ဖွံ့ဖြိုးလာမှာပေါ့” ဟု ဒေါ်ဆင်းသိင်္ဂ ီက ပြောသည်။

နိုင်ငံခြား တက္ကသိုလ်တခုတွင် စာသင်ကြားပို့ချနေသော မြန်မာစီးပွားရေး ပညာရှင်တဦးကတော့ နိုင်ငံရေး တည်ငြိမ်မှုရရှိရန် လိုအပ်ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုသည် နိုင်ငံရေးအပေါ်တွင်လည်း တည်မှီနေသည်ဟု သုံးသပ်သည်။

သူက ကျေးလက်ဒေသများတွင် အစိုးရက လယ်သမားများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရန် လိုအပ်နေပြီး စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်သော ကုန်ကြမ်းများ၊ ငွေကြေးများ ထောက်ပံ့ရေး လုပ်သင့်သည်ဟုဆိုသည်။

စတစ်လဇ်၏ ကျော်ကြားသော စာအုပ်တအုပ်ဖြစ်သည့် Globalization and Its Discontents စာအုပ်တွင် ၄င်းက “စီးပွားရေးကဏ္ဍတခုကနေ ထုတ်လုပ်ပေးနိုင်တာကို မိသားစုတွေနဲ့ လုပ်ငန်းတွေက အနည်းငယ်သာ ပြန်ပြီးဝယ်ယူနိုင်တယ်ဆိုရင် ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေမယ်။ စီးပွားရေး ကျဆင်းမှုဖြစ်မယ်။ အဲဒီအခါမှာ ဝယ်လိုအားတွေ များလာအောင်လို့ အစိုးရတွေအနေနဲ့ ငွေကြေးမူဝါဒ (Monetary) နဲ့ ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ကို ချဲ့ထွင်တဲ့ နည်းကို အသုံးပြုခြင်းအားဖြင့် စီးပွားရေး ကျဆင်းမှုကို တွန်းလှန်နိုင်ပါတယ်” ဟု ပြောထားသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နေပြည်တော်၌ ဗိုလ်ချုပ်သိန်းစိန်က ကုလသမဂ္ဂ Under Secretary General နှင့် အာရှ နှင့် ပစိဖိတ်ဆိုင်ရာ စီးပွားရေး နှင့် လူမှု ရေးကော်မရှင် (ESCAP) ၏ အမှုဆောင် အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer ခေါင်းဆောင်သော အဖွဲ့အား တွေ့ဆုံသည်ဟု ပါရှိသည်။ သို့သော် ဂျိုးဇက် စတစ်လဇ် ၏ ခရီးစဉ်ကိုတော့ ဖော်ပြခြင်းမပြုပေ။