ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ
by -
ဆလိုင်းပီပီ
အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ယနေ့တွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ယနေ့တွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့သည်ကို သူ့ကို အကြောင်းကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးသော်လည်း ''ဒါ … ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေဆီ ပို့ထားတဲ့ စာနှစ်စောင်နဲ့ ပတ်သက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်ဆုရှင်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒုတိယမြောက် စာတစောင် ပေးပို့ခဲ့ပြီး သူမကို ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြုရန်နှင့် ပါတီမှ အသက်အရွယ် ကြီးရင့်သော ထိပ်တန်း ခေါင်းဆောင်များထံ သွားရောက်၍ ဂါရဝပြုခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို လျော့ပါးစေရန်အတွက် နောက်ထပ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ပြုရန်လည်း ကမ်းလှမ်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ခဲ့ပြီး အနောက်နိုင်ငံများမှ ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို လျော့ပါးစေရန်အတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းပြောဆိုခဲ့သည်။ ထို့အတွက် သူမကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျား နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ပြုရန် မေတ္တာရပ်ခံခဲ့သည်။ ထိုနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ရှားပါးစွာပင် စိတ်စေတနာကောင်း ပြသသည့် အနေဖြင့် စစ်အစိုးရ အကြီးအကဲက သူမ၏ မေတ္တာရပ်ခံချက်ကို အပြုသဘော တုံ့ပြန်ခဲ့ပြီး၊ စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့်၎င်း၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်၎င်း တွေ့ဆုံခွင့်ပေးခဲ့သည်။

သို့သော် ယနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသန်းရွှေထံ ကမ်းလှမ်းမှုများ ပြုလုပ်ရာ၌ ရိုးသားမှုမရှိဘဲ စာပါ အကြောင်းအရာများနှင့် သူမ၏ မေတ္တာရပ်ခံချက်များကို နိုင်ငံတကာ မီဒီယာများသို့ ပေါက်ကြားစေခဲ့ကြောင်း ရှုတ်ချ ရေးသားထားသည်။

သို့သော် ဦးသန်းရွှေကမူ ယခုအထိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ဒုတိယစာကို တရားဝင် တုံ့ပြန်မှု မရှိသေးကြောင်း သူမပါတီမှ အကြီးတန်းပါတီဝင်တဦး၏ အပြောအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲထံ ပထမစာတစောင် ပေးပို့ပြီးကတည်းက ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်သည်။

(မုံပီး တည်းဖြတ်သည်။)