ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာ

ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာ
by -
နန်းဒေဝီ
ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးပြီး ရက် ၄၀ နီးပါး ပျောက်ဆုံးနေသော အလင်္ကာဝတ်ရည်ဂျာနယ် ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာပြီဟု မိသားစုက ပြော ...

နယူးဒေလီ (မဇ္စျိမ)။     ။ ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးပြီး ရက် ၄၀ နီးပါး ပျောက်ဆုံးနေသော အလင်္ကာဝတ်ရည်ဂျာနယ် ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာပြီဟု မိသားစုက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ကဗျာဆရာ ခန့်မင်းထက်ကို အောင်သပြေ စစ်ကြောရေးစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ရာမှ ယခုလ ၁ ရက်နေ့တွင် မိသားစုက သွားရောက်ခေါ်ယူခဲ့ရကြောင်း ဖခင်ဖြစ်သူ ကဗျာဆရာ မောင်စိမ်းနီ (အယ်ဒီတာချုပ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း) က ပြောဆိုခြင်း ဖြစ်သည်။

“မိသားစုဝင်တွေကို ခေါ်ပြီး၊ သားသမီးတွေကို ပြန်အပ်တဲ့ သဘောပါ။ ကျန်းကျန်းမာမာပါပဲ” ဟု သူက ပြောသည်။

အလားတူ အလွတ်သတင်းထောက် ကိုပိုင်စိုးဦး ခေါ် ဂျေပိုင်၊ Foreign Affair ဂျာနယ်မှ အယ်ဒီတာ ကိုသန့်ဇင်စိုးနှင့် လင်းလက်ကြယ် နာဂစ်လေဘေးကူညီသူ ၁၅ ဦးထက်မနည်း ထိုနေ့တွင် ပြန်လွတ်လာကြသည်။ အာဏာပိုင်များက သက်ဆိုင်ရာ အုပ်ထိမ်းသူများကို အကြောင်းကြားခေါ်ယူကာ အပ်နှံခဲ့ခြင်း ဖြစ်သည်။

“မိဘအုပ်ထိန်းသူတွေနဲ့ ကလေးတွေပါ လက်မှတ်ထိုးခဲ့ရတယ်။ နောက်တခါ သားသမီးတွေကို ဒီလိုမဖြစ်အောင် ထိန်းသိမ်းဖို့၊ လူငယ်လေးတွေဆိုတော့ အမှားလုပ်တာ သူတို့ခွင့်လွတ်ပါတယ်လို့ အဲဒီက တာဝန်ရှိသူ တယောက်က ပြောတယ်” ဟု စစ်ကြောရေးစခန်းသို့ သွားရောက်ခဲ့သူ မိဘတဦးက ပြောသည်။

အများစုသည် နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်း လေဘေးဒုက္ခသည်များကို ကူညီနေသည့် လင်းလက်ကြယ် လူမှုရေး အဖွဲ့ဝင်များဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဖမ်းဆီးခံခဲ့ရသည်။

စစ်ကြောရေး အာဏာပိုင်များက ၎င်းတို့ကို ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိမရှိနှင့် လင်းလက်ကြယ်၏ ရန်ပုံငွေ မည်သို့ရရှိပုံများကို မေးမြန်းခဲ့ကြောင်း မိဘများ အပြောအရ သိရသည်။ သို့သော် ရိုက်နှက်စစ်ဆေးခြင်း ရှိမရှိကိုမူ မသိရှိရကြောင်း သူတို့က ပြောသည်။

“ခန္ဓာကိုယ်မှာတော့ အနာတရ မတွေ့မိပါဘူး” ဟု ကိုခန့်မင်းထက် မိခင်က ပြောဆိုပြီး၊ ပြန်လွတ်လာသဖြင့် အတိုင်းအဆမရှိ ဝမ်းသာကြောင်း ပြောသည်။

ပြန်လွတ်လာသည့် သတင်းထောက်များကို အလုပ်ပြန်ခန့်လျှင် အာဏာပိုင်များက ဖိအားပေးနိုင်သည်ဟူ၍ စိုးရိမ်သည့် သတင်းဌာနအချို့က ပြန်လည်ခန့်အပ်ခြင်း မရှိသေးပေ။ သို့သော် ကိုခန့်မင်းထက်သည် အလင်္ကာဝတ်ရည်ဂျာနယ်တွင် ဒီဇိုင်းအလုပ်ကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်သည်။ ကိုပိုင်စိုးဦး ခေါ် ဂျေပိုင်လည်း ယနေ့တွင် သူ၏ ဂျာနယ်တိုက်သို့ သွားရောက်ခဲ့သော်လည်း အလုပ်အကိုင် ပြန်လည်ရရှိမည်၊ မရရှိမည်ကို မသိရှိရသေးပေ။

ဖမ်းဆီးခံခဲ့ရသည့် သူတို့အားလုံးကို ပြန်လွှတ်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး - AI က မြန်မာစစ်အစိုးရကို မကြာသေးခင်က တောင်းဆိုခဲ့သေးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Most read this week